အလုပ်ခွင်မှာ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ ၁၀ မျိုး ============

အလုပ်ခွင်မှာ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ ၁၀ မျိုး ============

ပြီးပြည့်စုံတဲ့ စိတ်ကျေနပ်စရာ လုပ်ငန်းခွင် တစ်ခုဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုက်ညီရာ နေရာမှာ အလုပ်လုပ်ခွင့် ရရုံနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု၊ ဆက်ဆံရေး ကောင်းမွန်မှုတွေကလည်း သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ကိုယ့်ရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် ကိုယ်ပါဝင်တဲ့ အစုအဖွဲ့ကို ကွပ်ကဲနေတဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်မှု အရည်အချင်း ညံ့ဖျင်းရင်၊ အားနည်းရင် စိတ်ပျက်စရာ၊ အနှောင့်အယှက် ဖြစ်စရာတွေ ကြုံရပါလိမ့်မယ်။ ကိုယ့်ရဲ့ အထက်လူကြီး၊ ဒါမှမဟုတ် ကြီးကြပ် ကွပ်ကဲသူ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်မှု စွမ်းရည် ညံ့ဖျင်းနေသလား ဆိုတာကို အကဲဖြတ်ဖို့ဆိုရင် ဒီအချက်တွေကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

၁။ ရိုင်းပြမှု
ခေါင်းဆောင်မှု အရည်အချင်းတွေမှာ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးပါတယ်။ ခေါင်းဆောင်နေရာမှာ ရှိနေတာနဲ့တင် လက်အောက် ဝန်ထမ်းတွေကို အထက်စည်းဆန်ဆန် မောက်မောက်မာမာ ဆက်ဆံနေတာဟာ ညံ့ဖျင်းတဲ့ ဦးဆောင်မှုလို့ ဆိုရမှာပါ။ အချိန်တိုင်း ဆူပူကြိမ်းမောင်းပြီး ကိုယ်အမူရာ ရိုင်းပြနေတဲ့ ခေါင်းဆောင်မျိုးဟာ အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ရေးရာ တက်ကြွ ထက်မြက်မှုကို ကြီးကြီးမားမား သက်ရောက် ထိခိုက်သွားစေနိုင်ပါတယ်။

၂။ အကြောက်တရား အားပြုမှု
လက်အောက်က ဝန်ထမ်းတွေက သူ့ကို ကြောက်လန့်နေအောင် ရည်ရွယ်ချက်ရှိရှိ ပုံသွင်းပြီး ခိုင်းစေလိုတဲ့၊ ဒါမှမဟုတ် လုပ်ငန်းခွင် စိတ်ဓာတ် နှိုးဆော်မှုအတွက် အကြောက်တရားကို အဓိက လက်နက် အနေနဲ့ အသုံးချလိုတဲ့ ခေါင်းဆောင်မျိုးကလည်း ဆိုးရွားတဲ့ စာရင်းမှာ ပါဝင်ပါလိမ့်မယ်။ ဆုပေးဒဏ်ပေး စနစ်လို သင့်တော်တဲ့ နည်းလမ်းမျိုးကို မျက်ကွယ်ပြုပြီး အကြောက်တရားကို ရိုက်သွင်းနေတာဟာ မှန်ကန်တဲ့ ခေါင်းဆောင်မှုပုံစံ မဟုတ်တာ အသေအချာပါပဲ။

၃။ လုပ်ပိုင်ခွင့်ကို စွက်ဖက်မှု
ကုမ္ပဏီ လုပ်ငန်းစုတိုင်းက ဝန်ထမ်း တစ်ယောက်ချင်းစီကို သက်ဆိုင်ရာ လုပ်ငန်း လိုအပ်ချက်အတွက် ခန့်အပ်ထားတာပါ။ သက်ဆိုင်ရာ ဝန်ထမ်းရဲ့ အရည်အသွေး၊ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ အလုပ်တာဝန်တွေကလည်း အသီးသီး ရှိနေပြီးသား ဖြစ်ပါတယ်။ တကယ် ပါးနပ်တဲ့ ခေါင်းဆောင်တွေက ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင် အလုပ်တာဝန်ကို သင့်တော်တဲ့ လုပ်ပိုင်ခွင့် ပေးထားတတ်ပါတယ်။ ဘာလုပ်လုပ် သူ့ဆီ အစီရင်ခံခိုင်းပြီး ကိစ္စအားလုံးကို လွန်လွန်ကဲကဲ ထိန်းချုပ်နေပြီ ဆိုရင်တော့ အဲဒီ အထက်ရာရှိကို ခပ်ညံ့ညံ့ ခေါင်းဆောင်စာရင်းထဲ စိတ်ချလက်ချ သွင်းလိုက်ရုံပါ။

၎။ အပြစ်ပုံချမှု
ကိုယ်မလုပ်တဲ့ ကိစ္စအတွက် အပြစ်တင်ခံရတာဟာ ဘယ်လောက် ခံရခက်သလဲ ဆိုတာကို ကြုံဖူးသူတိုင်း သိပါတယ်။ ပျက်ကွက်မှု တစ်ခုအတွက် ကိုယ်တိုင် တာဝန်မယူဘဲ လက်အောက်ငယ်သားအပေါ် ပုံချတဲ့ လုပ်ရပ်မျိုးဟာ အဆိုးတကာ့ အဆိုးဆုံး ခေါင်းဆောင်မှု ပုံစံ တစ်ခုပါပဲ။ ဝန်ထမ်းတွေ အနေနဲ့လည်း တိုက်ရိုက် တာဝန်မရှိတဲ့ ကိစ္စမျိုးကို လွှဲချ ခံရတဲ့အပေါ် ကျေနပ်မှာ မဟုတ်ပါဘူး။ ဒီခေါင်းဆောင်မျိုးကြောင့် အဖွဲ့အစည်းအတွင်း ဆက်ဆံရေးဟာ သေချာပေါက် ယိုယွင်းလာမှာပါပဲ။

၅။ တပါးသူရဲ့ အမြင်ကို မလေးစားမှု
ခေါင်းဆောင် နေရာကို ရယူထားတာဟာ အတွေ့အကြုံပိုင်းအရ ဖြစ်စေ၊ ကျွမ်းကျင်မှုအရ ဖြစ်စေ အသာစီး ရထားလို့ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့ နေရာက ပိုမြင့်နေရုံနဲ့ အောက်လူတွေရဲ့ အတွေးအမြင်ကို နားထောင်မှု လုံးဝ မရှိဘဲ မျက်ကွယ် ပြုထားတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ သူတပါးရဲ့ အတွေးအမြင်ကို လေးစားမှု မရှိဘဲ ကိုယ့်အကြိုက်ကိုယ် အရာအားလုံး ဆုံးဖြတ်နေတာဟာ လက်အောက် ငယ်သားတွေရဲ့ ထိုးထွင်းသိမြင်မှု၊ တွေးခေါ်နိုင်မှု အားလုံးကို ပိတ်ပင်ပစ်လိုက်ခြင်းပါပဲ။

၆။ သူတပါးကို ဝန်ပိစေမှု
ဒီအချက်နဲ့ ပတ်သက်ရင် ခေါင်းဆောင်နေရာက ပုဂ္ဂိုလ်ဟာ ကိုယ့်တာဝန် ကိုယ်မကျေခြင်းက အဓိက ကျပါတယ်။ ကိုယ့်အလုပ်တာဝန်ကို ကျေကျေပြွန်ပြွန် မလုပ်တဲ့အတွက် ငယ်သားတွေအပေါ် ဝန်ပိုပိတာမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ ပရောဂျက်ကြီးတစ်ခု ရှိနေတယ် ဆိုပါစို့။ ဦးစီးဦးဆောင် ပုဂ္ဂိုလ် ကိုယ်တိုင်က သူတာဝန်ယူရမယ့် အစိတ်အပိုင်းကို ပျက်ကွက်နေရင် ဒီပရောဂျက်ရဲ့ အလားအလာက ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲ။

၇။ လမ်းညွှန်သွန်သင်ဖို့ ပျက်ကွက်မှု
အလုပ်စလုပ်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းခွင် အတွေ့အကြုံ သုညက စရတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ အကြီးအကဲရဲ့ လမ်းညွှန် သွန်သင်ပေးမှုကို အရေးတကြီး လိုအပ်ပါတယ်။ ကနဦးအဆင့် လုပ်ငန်းသဘော ရှင်းပြတာမျိုးအပြင် လုပ်ငန်းခွင်မှာ အခြေအနေ၊ အချိန်အခါအလိုက် သင့်တော်သလို ညွှန်ကြား ကူညီတာမျိုးက ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ဝိသေသပါ။ ကိုယ်နဲ့ မဆိုင်သလို ဘေးထွက်ထိုင်နေရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ ခပ်ညံ့ညံ့ ခေါင်းဆောင်လို့ တထစ်ချသာ ယူဆလိုက်ပါ။

၈။ ရည်ရွယ်ချက်ကင်းမဲ့မှု
ခေါင်းဆောင်တစ်ယောက် ဆိုတာဟာ သူဦးဆောင်ရတဲ့ အစုအဖွဲ့ကို ဘယ်လိုဘယ်ပုံ လမ်းကြောင်းဆီ ဦးတည် ကိုင်တွယ်မယ် ဆိုတာမျိုး တိတိကျကျ ရည်မှန်းချက် ရှိကို ရှိနေရပါမယ်။ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ အတွေးအမြင်၊ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ဦးဆောင် ခေါ်ယူသွားရပါမယ်။ ခပ်ညံ့ညံ့ ခေါင်းဆောင် တစ်ယောက်ကတော့ ကိုယ်တိုင်လည်း ရည်မှန်းချက် မရှိသလို ကုမ္ပဏီရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီချက်တွေကို ဖော်ဆောင်ပေးဖို့လည်း စိတ်ကူးမိမှာ မဟုတ်ဘူး။

၉။ အသင်းလိုက်လှုပ်ရှားရန် မျက်ကွယ်ပြုမှု
အသင်းလိုက် ညီညွတ်မှုကို တည်ဆောက်တာဟာ ခိုင်မာတဲ့ ရည်ရွယ်ချက်မျိုး ရှိပြီးသားပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ခြင်းဟာ ကုမ္ပဏီ လုပ်ငန်းရဲ့ အလားအလာရော၊ အလုပ်ခွင် ပတ်ဝန်းကျင်ကိုပါ ပိုပြီး တိုးတက်လာစေပါတယ်။ ဝန်ထမ်းတွေကြား ပိုပြီး ရင်းနှီးကျွမ်းဝင်လာဖို့၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့၊ အလုပ်ခွင် မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးဖို့အတွက် အသင်းလိုက် လှုပ်ရှားမှုတွေကို စီစဉ် ဖန်တီးပေးတာဟာ ထက်မြက်တဲ့ ခေါင်းဆောင် တစ်ဦးမှာ တွေ့ရတတ်တဲ့ အရည်အသွေးပါပဲ။

၁၀။ မတန်တဆခိုင်းစေမှု
ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ခလစာဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ လိုက်ဖက်ညီအောင် သတ်မှတ်ထားတာမျိုး ဖြစ်သင့်ပါတယ်။ ကိုယ်က အလုပ်တွေ မတန်တဆ လုပ်ရပေမယ့် လစာက နည်းနေမယ်၊ အဲဒါကို ကိုယ့်ရဲ့ အထက်လူကြီး၊ ဒါမှမဟုတ် ခေါင်းဆောင်က လစာတိုးပေးဖို့၊ ဒါမှမဟုတ် လစာတိုးပေးတာကို ကူညီထောက်ခံဖို့ ပျက်ကွယ်မယ် ဆိုရင် ဘယ်ဝန်ထမ်းမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းကောင်း တစ်ယောက်ရဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ လုပ်ခလစာမျိုး မတွက်ချက်နိုင်ရင်၊ ဒါမှမဟုတ် ပေးချေဖို့ တွက်ကပ်နေရင် ဒါဟာ ခပ်ညံ့ညံ့ ခေါင်းဆောင်တစ်ယောက်လို့ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။