အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ကြုံရတတ်တဲ့ စိန်ခေါ်မှု ၆ ခု ===========

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ကြုံရတတ်တဲ့ စိန်ခေါ်မှု ၆ ခု ===========

စီးပွားရေး နယ်ပယ်မှာတော့ စိန်ခေါ်မှုတွေက ပုံစံမျိုးစုံနဲ့ ရှိနေမှာပါ။ SMBလို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေမှာလည်း အချိန်တိုင်း စိန်ခေါ်မှုတွေ ကြုံနေရတာပါပဲ။ SMBတွေ ကြုံရတတ်တဲ့ ပြဿနာတွေ၊ အကျပ်အတည်းတွေက ပင်ကို သဘာဝ ကွဲပြားမှု တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ ဆန်းစစ်ကြည့်ရင် အခြေခံ ပြဿနာ ခြောက်မျိုးကို ကောက်နုတ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးယိုစီးမှု
SMBတွေမှာ ငွေထွက်လမ်းတွေက ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ရှိနေမှာပါ။ အရွယ်အစား သေးငယ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ငွေထွက်ပေါက် အရမ်းကြီးနေရင် ရပ်တည်ဖို့ အခက်အခဲတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ဒီပြဿနာမှာ ဖောက်သည်တွေဆီက ရရှိတဲ့ ငွေကြေးတွေ လျော့နည်းလာတာ၊ ကြိုတင်မျှော်လင့်မထားတဲ့ ငွေကြေး ဆုံးရှုံးတာတွေ မျိုးစုံ ပါဝင်နိုင်ပါတယ်။ ဒီအခြေအနေကို တုံ့ပြန်ဖို့ကတော့ ငွေကြေး လည်ပတ်မှုကို မျှတစေဖို့အတွက် ဝင်ငွေရင်းမြစ်တွေကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ထိန်းညှိထားတာ၊ ငွေကြေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တိကျတဲ့ စာရင်းစစ် ပညာရှင်တွေနဲ့ နှီးနှောတာ၊ ငွေကြေး ယိုစီးမှုကို စနစ်တကျ စစ်ဆေး မှတ်တမ်းတင်ပေးမယ့် Softwareနဲ့ တခြားနည်းပညာ အထောက်အပံ့တွေ အသုံးပြုတာမျိုး လိုအပ်ပါလိမ့်မယ်။

ဖိစီးပင်ပန်းမှု
လုပ်ငန်း အသေးစားလေးတွေ အစပြုတဲ့အခါ ကိစ္စအားလုံးက လုပ်ငန်းရှင်ရဲ့ ခေါင်းပေါ် ပြုံကျလာတာမျိုး ကြုံရတတ်ပါတယ်။ ရှည်လျားလွန်းတဲ့ အလုပ်ချိန်တွေ၊ ဖိအားတွေ အစုံပါပဲ။ SMBတွေ ကြုံရတဲ့ထဲမှာ အားအင်ကုန်ပြီး ပင်ပန်းနွမ်းနယ်လာမှုဟာ ထင်ရှားတဲ့ စိန်ခေါ်မှု ပြဿနာတစ်ရပ်ပါပဲ။ ဖိစီးမှု များလာရင် အမှားတွေလည်း များလာနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ အဆိုးဘက်ကို ဦးတည်သွားနိုင်စရာတွေ အများကြီးပါ။ ဒီအနေအထားကို ဘက်ညီအောင် တန်ပြန်ဖို့အတွက် ထိရောက်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေ၊ အလုပ်ရှင် ကိုယ်တိုင်ရော၊ ဝန်ထမ်းတွေ အတွက်ပါ သင့်တော်တဲ့ ကိုယ်ပိုင်အချိန် ပိုင်ဆိုင်နိုင်ဖို့ စီမံခန့်ခွဲမှုတွေ သတ်သတ်မှတ်မှတ် ထားရှိသင့်ပါတယ်။

ဖောက်သည်ကောင်းများကို စုစည်းရန် ရုန်းကန်ရမှု
လုပ်ငန်း အသေးစား၊ အလတ်စားတွေရဲ့ ဝင်ငွေ တိုးပွားမှု၊ အခြေခံ ခိုင်ခိုင်မာမာ ရပ်တည်စေမှုတွေအတွက် ဖောက်သည်ကောင်းတွေ ရရှိထားမှုက အင်မတန် အရေးကြီးတဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖောက်သည် ဖြစ်လာနိုင်သူတွေကို ဆက်သွယ် စည်းရုံးရတာက ခက်ပါတယ်။ အဲဒါထက် ပိုခက်တာကတော့ ရှိရင်းစွဲ ဖောက်သည်ကောင်းတွေကို တည်မြဲနေအောင် ထိန်းသိမ်းဖို့ပါ။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေကလည်း ကိုယ့်ရဲ့ ဖောက်သည်ကောင်းတွေကို သူတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားနေမှာပါပဲ။ အရေးကြီးတာက ဖောက်သည်တွေနဲ့ ပတ်သက်ရင် ရှင်းရှင်းလင်းလင်းနဲ့ တတ်နိုင်သလောက် အရိုးသားဆုံး ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ထားဖို့ပါ။ စိန်ခေါ်မှု များပြားတဲ့ နယ်ပယ်မှာတော့ ကိုယ့်အတွက် အကျိုးအမြတ် အများဆုံး ဖြစ်ထွန်းစေနိုင်မယ့် ဖောက်သည်တွေကို အဓိက ပစ်မှတ်ထားပြိး ထိန်းသိမ်းထားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းကောင်းတွေကို စည်းရုံးထားနိုင်မှု
ဝန်ထမ်းကောင်းတွေ ပိုင်ဆိုင်ထားခြင်းဟာ လုပ်ငန်းငယ် SMBတွေအတွက် ကြီးမားတဲ့ ကောင်းကျိုး သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဝန်ထမ်းကောင်းတွေက လုပ်ငန်းလည်ပတ်မှု ချောမွေ့စေတာ၊ ဖောက်သည်တွေနဲ့ ရှင်းလင်းပြီး ထိထိရောက်ရောက် ချဉ်းကပ်ဆက်ဆံတာ အစရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ ကိုယ်စားပြု ကုမ္ပဏီ အဖွဲ့အစည်းကို ကူညီနေမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုပ်ခလစာ ပိုပေးနိုင်တဲ့၊ ဖွဲ့စည်းပုံ ပိုကျယ်ပြန့်တဲ့ လုပ်ငန်းကြီးတွေက SMBတွေဆီက ဝန်ထမ်းကောင်းတွေကို ဆွဲဆောင်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။ ရုံးမှာ အခမဲ့ အကျွေးအမွေး စီစဉ်ပေးတာ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ရင်တောင် ဝန်ထမ်းတွေ ပျော်ရွှင်စေမယ့်၊ စိတ်ဓာတ် တက်ကြွစေမယ့် ပွဲလေးတွေ အချိန်အခါ သင့်သလို စီစဉ် ဖန်တီးပေးတာတွေက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ နေပျော်စေမယ့် နည်းလမ်းတွေ ဖြစ်ပါလိမ့်မယ်။

ရွေးချယ်စရာ ကျပ်တည်းမှု
ဘယ်လမ်းကို ရွေးမလဲ ဆိုတာမျိုးက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေမှာ မကြာခဏ ကြုံရတတ်တဲ့ ပြဿနာ တစ်ခုပါ။ ဘယ်လို ထုတ်ကုန်၊ ဘယ်လို ဝန်ဆောင်မှုနဲ့ လုပ်ငန်းလည်ပတ်မလဲ ဆိုတဲ့ ဒွိဟ အခြေအနေတွေကို SMBတွေ အနေနဲ့ သေချာပေါက် ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ဖောက်သည်တွေက ဘာကို လိုအပ်သလဲ၊ ဈေးနှုန်း သတ်မှတ်မှုက သင့်တော်ရဲ့လားဆိုတဲ့ မေးခွန်းတွေက လုပ်ငန်းနယ်ပယ်အလိုက် အလိုလို ထွက်ပေါ်နေမှာပါ။ ဒီအတွက် အရေးအကြီးဆုံးက ရွေးရခက်တဲ့ ကိစ္စတွေအတွက် SMB လုပ်ငန်းရှင်တွေက ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေထုတ်ပြီး အချိန်တိုင်း ပြန်ဆန်းစစ်နေဖို့ အရေးကြီးပါတယ်။ ဈေးကွက်ရဲ့ တောင်းဆိုမှုက ဘာလဲ၊ ကိုယ်သာဆိုရင် ဘာကိုလိုမလဲ၊ Printerလား၊ ဒါမှမဟုတ် ကားတစ်စီးလား ဆိုတာတွေကို ဘက်ပေါင်းစုံက ဆင်ခြင် စဉ်းစားပြီး အသင့်တော်ဆုံးကို ထုတ်နုတ် ရွေးယူဖို့ ကြိုးစားနေရမှာပါ။

ခေတ်ရေစီးကြောင်းနှင့်အမီ လိုက်ပါမှု
တစ်ခါတလေတော့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေဟာ လက်ရှိ အလုပ်နဲ့ ပတ်သက်ပြီး အာရုံများလွန်းရာကနေ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင် အနေအထားကို မေ့လျော့သွားတတ်ပါတယ်။ ဒါဟာ အန္တရာယ်ကြီးတဲ့ လစ်ဟင်းမှု တစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အချိန်ဇယားကို သေချာ ပြင်ဆင် သတ်မှတ်ထားပြီး ပတ်ဝန်းကျင်မှာ ဘာတွေ ပြောင်းလဲလာသလဲ ဆိုတာကို လေ့လာဖို့၊ ပြိုင်ဘက်တွေရဲ့ ခြေလှမ်း အရွေ့တွေကို ထောက်လှမ်း ခြေရာခံနေဖို့ မမေ့သင့်ပါဘူး။ အပြောင်းအလဲသစ်တွေမှာ မလိုက်ပါနိုင်တဲ့အခါ ကြုံလာမယ့် ရိုက်ခတ်မှုက ကြီးမားသွားနိုင်ပါတယ်။ လုပ်ငန်းပိုင်းအပြင် လုပ်ငန်းနဲ့ တိုက်ရိုက် မဆိုင်ရင်တောင် သွယ်ဝိုက် ပတ်သက်မှု ရှိနိုင်တဲ့ လူမှုရေး အတွေးအခေါ်သစ်၊ လက်ခံမှု ပုံစံသစ်တွေကို လူမှုကွန်ရက် မီဒီယာတွေလို နေရာကနေ အမြဲမပြတ် စောင့်ကြည့်ပြီး ခေတ်ရေစီးကြောင်းအတိုင်း အမြင်တွေ လတ်ဆတ်နေသင့်တာ အမှန်ပါပဲ။