HR မန်နေဂျာတွေရဲ့ လုပ်ငန်းတာဝန်များ

HR မန်နေဂျာတွေရဲ့ လုပ်ငန်းတာဝန်များ

HR (လူ့အရင်းအမြစ်) မန်နေဂျာ ဆိုတာဟာ အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ငန်းပိုင်း စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး အစီအစဉ် ချမှတ်တာ၊ ညွှန်ကြားတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေကို တာဝန်ယူရသူ ဖြစ်ပါတယ်။ HR မန်နေဂျာတွေရဲ့ အလုပ်တာဝန်တွေမှာ ဝန်ထမ်း ခန့်အပ်မှုအတွက် လူသစ်ခေါ်ယူခြင်းနဲ့ အင်တာဗျူးခြင်း၊ အမှုဆောင်တွေကို မဟာဗျူဟာ စီမံကိန်းတွေနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးခြင်း၊ အဖွဲ့အစည်းရဲ့ အုပ်ချုပ်သူ အရာရှိတွေနဲ့ ဝန်ထမ်းတွေရဲ့ ကြားခံ အဆက်အသွယ်အဖြစ် ဆောင်ရွက်ခြင်းတွေ ပါဝင်ပါတယ်။

HR မန်နေဂျာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု တာဝန်တွေကို အမျိုးအစား ခွဲကြည့်ရင် ယေဘုယျ အနေနဲ့ အောက်ပါ အချက်အလက်တွေ ပါရှိနေမှာ ဖြစ်ပါတယ်။
- အဖွဲ့အစည်းရဲ့ လုပ်သားအင်အားကို ဆန်းစစ်ပြီး ဝန်ထမ်း တစ်ဦးချင်းစီရဲ့ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးကို ထုတ်နုတ် အသုံးပြုနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ခြင်း
- ဝန်ထမ်းတွေကို ကောင်းကျိုးဖြစ်ထွန်းစေမယ့် အစီအမံတွေ ရေးဆွဲ အကောင်အထည်ဖော်ခြင်း
- အလုပ်အကိုင် အခွင့်အရေး တန်းတူညီမျှမှု၊ လိင်ခွဲခြား ဖိနှိပ်မှု အစရှိတဲ့ HRဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး တခြား ဌာနဆိုင်ရာ မန်နေဂျာတွေကို ကူညီအကြံပေးခြင်း
- ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အကူဝန်ထမ်းတွေရဲ့ အလုပ်တာဝန်တွေကို ခွဲခြားချိန်ညှိ သတ်မှတ်ပေးခြင်း
- အဖွဲ့အစည်းရဲ့ ဝန်ထမ်းသစ် ခေါ်ယူမှု၊ လူတွေ့စစ်ဆေးမှု၊ ရွေးချယ်မှု၊ ခန့်အပ်မှု ကဏ္ဍတွေကို ကိုင်တွယ်ခြင်း
- အငြင်းအခုံ ဖြစ်မှုတွေကို ညှိနှိုင်းဖြေရှင်းပေးမှုနဲ့ စည်းကမ်းပိုင်း သတ်မှတ်မှု အစရှိတဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို တာဝန်ယူခြင်း

ဘယ်လို လုပ်ငန်း အဖွဲ့အစည်းမဆို အရည်အသွေး ပြည့်ဝတဲ့ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့၊ စိတ်ဓာတ် မြှင့်တင်ပေးဖို့၊ ရေရှည် ထိန်းသိမ်းထားဖို့ လိုလားကြသလို အဲဒီ ဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ အကိုက်ညီဆုံး ရာထူးတာဝန်တွေမှာ ခန့်အပ် နေရာပေးလေ့ ရှိပါတယ်။ HR မန်နေဂျာတွေဟာ HRဌာနတွေကို ဦးဆောင် စီမံခန့်ခွဲရင်း အဖွဲ့အစည်းရဲ့ အထက်ပါ လိုလားမှုတွေကို ပြည့်မြောက်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေသူတွေ ဖြစ်ပါတယ်။ HR မန်နေဂျာတွေရဲ့ အလုပ်တာဝန်တွေမှာ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေး၊ စည်းမျဉ်းစည်းကမ်းတွေ ညှိနှိုင်းသတ်မှတ်ရေးတွေအပြင် လုပ်ခခံစားခွင့်၊ မွမ်းမံသင်တန်းပေးခြင်း၊ အကျိုးပြု အစီအစဉ်တွေ ဖော်ဆောင်ခြင်း အစရှိတဲ့ ဝန်ထမ်းတွေနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေပါ အကျုံးဝင်နေပါတယ်။ ဒါ့အပြင် ကျွမ်းကျင်ဝန်ထမ်းတွေ၊ အကူဝန်ထမ်းတွေ အနေနဲ့ သူတို့ တာဝန်ယူထားတဲ့ အလုပ်အကိုင်တွေကို ထိထိရောက်ရောက်နဲ့ အချိန်မီ ပြီးစီးမှု ရှိစေဖို့လည်း ကြီးကြပ်ရပါတယ်။

HR မန်နေဂျာတွေရဲ့ နောက်ထပ် တာဝန် တစ်ခုကတော့ လုပ်ငန်း အဖွဲ့အစည်းရဲ့ ထိပ်တန်း အမှုဆောင်တွေကို မဟာဗျူဟာ အစီအမံတွေ ရေးဆွဲမှုနဲ့ ပတ်သက်ပြီး ပါဝင် အကြံပေးရတာပါ။ ဝန်ထမ်း အင်အားစုရဲ့ တန်ဖိုးကို အစွမ်းကုန် အသုံးချနိုင်ရေးနဲ့ ဖြစ်နိုင်သမျှ ထိရောက်မှု အရှိဆုံး စီမံနေရာချနိုင်ရေးအတွက် ရွေးချယ်သတ်မှတ်မှုတွေ ပြုလုပ်ပေးရပါတယ်။ ဥပမာ ပြောရရင် ဝန်ထမ်း တစ်ဦးရဲ့ လုပ်နိုင်စွမ်းကို ချိန်ဆ တွက်ချက်ပြီး ဘတ်ဂျတ် ရည်မှန်းချက်နဲ့ ကိုက်ညီအောင် လုပ်ငန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ပြောင်းလဲရာမှာ အကူအညီ ပေးတာမျိုးတွေပါ။

တချို့သော HR မန်နေဂျာတွေကတော့ လုပ်ငန်းကြီး တစ်ခုလုံးရဲ့ HRဌာန လက်အောက်မှာ အကျုံးဝင်တဲ့ ကဏ္ဍ အားလုံးကို ကိုင်တွယ်လေ့ ရှိပါတယ်။ ဝန်ထမ်းတွေအတွက် နစ်နာကြေး ပေးချေမှု၊ မွမ်းမံသင်တန်းတွေ ပို့ချပေးမှု၊ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဖော်ဆောင်မှု၊ အကျိုးပြု အစီအမံတွေ ရေးဆွဲမှု စတာတွေကိုပါ တာဝန်ယူကြတာပါ။ အကြီးစား လုပ်ငန်း အဖွဲ့အစည်းတွေမှာ ဆိုရင်တော့ အဲဒီ ကဏ္ဍတွေအတွက် သီးခြား မန်နေဂျာတွေ ခွဲခြားခန့်အပ် ပေးထားတတ်ပါတယ်။ ဥပမာ နစ်နာကြေးနဲ့ အကျိုးပြု အစီအမံတွေကို ကိုင်တွယ်တဲ့ မန်နေဂျာ၊ ဖွံ့ဖြိုးရေးနဲ့ မွမ်းမံသင်တန်း စီစဉ်မှု မန်နေဂျာ စတာတွေ ဖြစ်ကြပါတယ်။