ညံ့ဖျင်းတဲ့ HR စီမံခန့်ခွဲမှုကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေ ===========

ညံ့ဖျင်းတဲ့ HR စီမံခန့်ခွဲမှုကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေ ===========

လူ့အရင်းအမြစ် (HR)ဌာနဟာ လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် ရေသောက်မြစ်နဲ့ တူညီတဲ့ အဖွဲ့အစည်း ယူနစ်တစ်ခု ဖြစ်ပါတယ်။ HRတွေက ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားနဲ့ အရည်အသွေးကို အကောင်းဆုံး ထိန်းညှိ ကိုင်တွယ်ဖို့ တာဝန်ယူလေ့ရှိပြီး HRကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီက မြန်မြန်ဆန်ဆန် တိုးတက်မှုတွေ ရှိလာတတ်တာ အထင်အရှားပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း HRပိုင်းက ညံ့ဖျင်းရင်၊ အရည်အချင်း မပြည့်မီရင် ဆိုးရွားတဲ့ ဆန့်ကျင်ဘက် ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။

ညံ့ဖျင်းတဲ့ အစီအစဉ်နဲ့ စီမံခန့်ခွဲမှုများ
HRဌာနဟာ လုပ်ငန်းခွင် ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပြိုင်ဆိုင်မှု အခြေအနေတွေနဲ့ လိုက်ဖက်ညီတဲ့ လူသစ်ခေါ်ယူမှု၊ အစီအစဉ် ချမှတ်မှုတွေကို လုပ်ဆောင်နေဖို့ လိုပါတယ်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုရဲ့ အမှုဆောင်တွေနဲ့ HRဌာနကြားမှာ အဆက်ပြတ်လွန်းနေတဲ့အခါ လက်တွေ့ အခြေအနေနဲ့ ကင်းကွာတဲ့ ဆုံးဖြတ်မှုတွေ၊ အရည်အသွေးပိုင်း အားနည်းတဲ့ အစီအမံတွေ ဖြစ်ပေါ်လာနိုင်ပြီး ဆိုးရွားလွန်းတဲ့ အမှားတွေဆီ ဦးတည်သွားနိုင်ပါတယ်။ ညံ့ဖျင်းတဲ့ HR စီမံခန့်ခွဲမှုမျိုးဟာ အဖွဲ့အစည်းရဲ့ မျှော်လင့် ရည်မှန်းချက်တွေ လက်တွေ့ ပေါ်ပေါက်လာစေဖို့ အင်မတန် ခက်ခဲသွားစေမှာပါ။

ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်အခြေအနေ
HRဌာနက ဝန်ထမ်းတွေနဲ့ ထိတွေ့မှု နည်းပါးပြီး လုပ်ငန်းခွင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်း အားနည်းရင် ရိုက်ခတ်မှုတွေ ရှိလာမှာ သေချာပါတယ်။ စိတ်မကြည်လင်တဲ့၊ စိတ်ဓာတ်ကျနေတဲ့ ဝန်ထမ်းအင်အားစုဟာ ထုတ်ကုန်ကဏ္ဍမှာရော၊ အသင်းအဖွဲ့ စုပေါင်းလုပ်ဆောင်မှုမှာပါ အနုတ်လက္ခဏာဆန်တဲ့ အခြေအနေတွေ ဖြစ်နေမှာပါ။ ဒါ့အပြင် အရည်အချင်း အလားအလာရှိတဲ့ ဝန်ထမ်းမျိုးတွေကို မြေတောင်မြှောက်ပေးဖို့လည်း ပျက်ကွက်နေမယ်ဆိုရင် ကုမ္ပဏီ အဖွဲ့အစည်းရဲ့ ထုတ်လုပ်မှုရော၊ အရည်အသွေးပါ ကျဆင်းလာမှာ ဧကန်ပါပဲ။

ခုတ်ရာတခြား၊ ရှရာတခြား ကိစ္စတွေ
HRဌာနဟာ ဝန်ထမ်းတွေရဲ့ လက်တွေ့ လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် လေ့လာနေပြီး မှန်ကန် သင့်တော်တဲ့ ဖြည့်ဆည်းမှုတွေနဲ့ ထောက်ပံ့ပေးဖို့ စီစဉ်ရပါတယ်။ ဒါ့အပြင် လုပ်ငန်း လိုအပ်ချက် အရလည်း အမှန်တကယ် လစ်ဟာနေတဲ့ နေရာတွေမှာ ဝန်ထမ်းသစ်တွေ ခေါ်ယဖြည့်တင်းဖို့ ဆုံးဖြတ်ရတာတွေ ရှိတယ်။ ဒီအခြေအနေတွေကို စေ့စေ့စပ်စပ်၊ တိတိကျကျ ဆန်းစစ်ဆုံးဖြတ်ဖို့ HRဘက်က အားနည်းမှုတွေ ရှိခဲ့မယ်ဆိုရင် တကယ်လိုတဲ့ နေရာတွေမှာ မဖြည့်ဆည်းပေးနိုင်ဘဲ မလိုအပ်တဲ့ နေရာတွေမှာ ပိုလျှံနေတာမျိုးတွေ ကြုံလာနိုင်တယ်။ လုပ်ငန်းအတွက် အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ အပိုင်းအတွက် လူသစ်ခေါ်ယူတာတွေ၊ မွမ်းမံသင်တန်း ပေးတာတွေ မလုပ်နိုင်ဘဲ လွဲချော်သွားနိုင်ပါတယ်။

ဝန်ထမ်း အဝင်အထွက်ကြမ်းမှု
ကုမ္ပဏီတစ်ခုမှာ HRဌာနက ညံ့နေရင် အလုပ်အကိုင် သဘာဝနဲ့ စုစည်းဆောင်ရွက်မှုတွေပါ ထိခိုက် အားနည်းလာမှာပါပဲ။ ကြာလာရင် ဝန်ထမ်းတွေက သူတို့ရဲ့ အလုပ်ဟာ တစ်ခုခု မှားနေတယ် ဆိုတာမျိုး ခံစားရလာပါလိမ့်မယ်။ အရည်အသွေး ညံ့လွန်းတဲ့ စီမံအုပ်ချုပ်မှု ပုံစံတွေကြောင့် စိတ်ပျက်လာတဲ့ ဝန်ထမ်းတွေဟာ နေရာသစ်ကို ရှာဖွေဖို့ စဉ်းစားလာလိမ့်မယ်။ ဒီအခါမှာ ဝန်ထမ်းယိုစီးမှု များလာသလို အသစ်ခန့်ရတဲ့ ဦးရေလည်း တိုးလာပြီး ဝန်ထမ်း အဝင်အထွက် ခပ်ကြမ်းကြမ်း ဖြစ်လာမှာပါ။ အရေးကြီးတာက အရည်အချင်း၊ အလားအလာ ကောင်းမွန်တဲ့ ဝန်ထမ်းဟောင်းတွေ ထွက်ခွာသွားပြီး သူတို့နေရာအတွက် လုံလောက်တဲ့ ပြန်လည် ဖြည့်ဆည်းမှုမျိုး ခေါ်ယူခန့်အပ်နိုင်စွမ်း မရှိရင် အဖွဲ့အစည်းရဲ့ အရည်အသွေးပါ ကျဆင်းသွားနိုင်တယ် ဆိုတာပါပဲ။

အောက်ခြေကနေ စတင်ယိုယွင်းမှု
ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်မှုမျိုး မရှိတဲ့ HR လမ်းပြမြေပုံ စနစ်နဲ့ HR စီမံခန့်ခွဲမှုတွေက အဖွဲ့အစည်းကို ရေရှည်အတွက်ပါ ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိစေမှာပါ။ လုပ်ငန်းတစ်ခုလုံးရဲ့ အဆင့်အသီးသီးက ဝန်ထမ်းတွေ အပေါ်မှာလည်း သက်ရောက်ပါလိမ့်မယ်။ မှန်ကန် အားကောင်းတဲ့ ကြပ်မတ်မှုမျိုး မရှိတဲ့အခါ အောက်ခြေ အဆင့်ကနေ စပြီး ယိမ်းယိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ စီမံခန့်ခွဲမှု ညံ့တဲ့အတွက် ဒီယိမ်းယိုင်မှုကို ဖြေရှင်းတည့်မတ်ဖို့ လမ်းမှန်ကို ရှာတွေ့မှာ မဟုတ်ပါဘူး။ အချိန်ကြာလေလေ၊ အခြေအနေတွေ ပိုဆိုးလေလေ ဖြစ်လာရင် အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ အောက်ခြေကစပြီး ပြိုလဲသွားမယ့် အန္တရာယ်မျိုးပါ ကြုံလာနိုင်ပါတယ်။