အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် အခြေခံ နည်းလမ်း ၇ ခု

အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် အခြေခံ နည်းလမ်း ၇ ခု

အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် အခြေခံ နည်းလမ်း ၇ ခု
============

Googleက ဝန်ထမ်းတွေအကြောင်း ကြားကြတဲ့အခါ လူတိုင်းလိုလို အားကျလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံး အလုပ်ခွင်မှာ နိစ္စဓူဝ အလုပ်လုပ်ရတာဟာ ဘဝအတွက် ပျော်စရာ ဆုလာဘ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ Fortune မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့ ပျော်စရာအကောင်းဆုံး လုပ်ငန်းခွင် ၁၀၀ စာရင်းမှာ Googleက ထိပ်ဆုံး နေရာက ရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့ Googleလောက် ပြီးပြည့်စုံမှု မရှိရင်တောင် ကိုယ့်အတွက် သင့်လျော်မယ့်၊ ပျော်စရာကောင်းမယ့် အလုပ်ခွင် နေရာမျိုး၊ ပုံစံမျိုးကို ကိုယ်တိုင် ဖန်တီးခွင့်၊ ရွေးချယ်ခွင့်တော့ ရှိနိုင်ပါတယ်။ ပျော်စရာ လုပ်ငန်းခွင်မျိုး ဖြစ်နိုင်ခြေ အရှိဆုံး ဖန်တီးတည်ဆောက်နိုင်ဖို့ အခြေခံ အကျဆုံး အကြုံပြုချက် ၇ ခုကို စုစည်း ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်တိုင်ပျော်အောင်နေ
ပျော်ရွှင်ခြင်းဆိုတာ ရွေးချယ်မှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က ပျော်ပျော်နေတတ်တဲ့အခါ အလုပ်ခွင်တင် မကဘူး၊ ဘယ်နေရာ ဒေသမှာမဆို အထိုင်ကျဖို့ ပိုလွယ်ကူမှာပါ။ အလုပ်ခွင်မှာ ခပ်ပျော်ပျော်နဲ့ စိတ်လက်ပေါ့ပေါ့ပါးပါး နေနိုင်အောင် ကြိုးစားထားရင် တော်ရုံ ဖိအားများတဲ့ ပတ်ဝန်းကျင်မှာတောင် အလွယ်တကူ ဝင်ဆံ့ အဆင်ပြေနေမှာ ဖြစ်ပါတယ်။

၂။ စိတ်ပျော်ရာကို ပုံမှန်လုပ်ပါ
အလုပ်ထဲမှာ အမြဲတမ်း စိတ်နှစ်ပြီး မွန်းကျပ်နေတာမျိုး မဖြစ်တာ ကောင်းပါတယ်။ အလုပ်ခွင်မှာ ကိုယ့်တာဝန် ကိုယ်ကျေအောင် ထမ်းဆောင်ရင်း အားလပ်ချိန်မှာဖြစ်စေ၊ တခြား အလျဉ်းသင့်တဲ့ ကာလမှာဖြစ်စေ ကိုယ်ပျော်ရွှင်မယ့် ကိစ္စလေးတွေကို ပုံမှန် လုပ်နေသင့်ပါတယ်။ အလုပ်ပါးတဲ့ အချိန် စာဖတ်ဝါသနာပါရင် စာဖတ်တာမျိုး၊ အင်တာနက် ဂိမ်းလေးတွေ ခဏတဖြုတ် ဝင်ကစားတာမျိုးပေါ့။ အလွန်အကျွံတော့ မဖြစ်သင့်ပါဘူး။ ကိုယ်အားသန်ရာ၊ ပျော်ရွှင်ရာလေးတွေ ပုံမှန် လုပ်ဖြစ်နေရင် စိတ်ဖိစီးမှု အတော်ကြီး လျော့ပါးသွားမှာပါ။

၃။ တိုးတက်မှုကို ရှာဖွေပါ
ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အရည်အသွေးကောင်းတွေကို မြှင့်တင်ဖို့ အစဉ်တစိုက် ကြိုးစားနေသင့်ပါတယ်။ ဒါက ကျွမ်းကျင်မှု အရည်အသွေးပိုင်း ပိုတိုးတက်လာရုံတင် မကပါဘူး၊ အလုပ်ထဲမှာ ကိုယ်ပိုင် အရည်အသွေးအပေါ် ယုံကြည်မှုလည်း မြင့်မားလာမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကောင်းနေတဲ့ အလုပ်ကို တာဝန်ယူ လုပ်ကိုင်ရတာဟာ ကျေနပ်စရာ ဖြစ်နေမှာ အမှန်ပါပဲ။ ကိုယ်စွမ်းကိုယ်စ တိုးပွားလာအောင် ဘက်ပေါင်းစုံက မြှင့်တင်သင့်ပါတယ်။

၎။ လိုအပ်ချိန်မှာ တာဝန်ခံပါ
ကြီးလေးတဲ့ အလုပ်ကိစ္စ တစ်ခုရဲ့ တောင်းဆိုမှု ကြုံလာတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ တာဝန်ခံလိုက်ခြင်းဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည် လေးစားမှုကို ရရှိစေတဲ့အပြင် ကိုယ့်အရည်အချင်းကိုယ် စိန်ခေါ်ရာလည်း ကျပါတယ်။ လုပ်စရာရှိတာကို တာဝန်ကျေကျေ လုပ်ဖို့တော့ လိုပါတယ်။ ကိုယ့်အလုပ်အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ သိသင့်သိထိုက်တာတွေကို ဂရုတစိုက် စုဆောင်းရပါမယ်။ ကိုယ်တိုင် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အလုပ်တစ်ခုကို ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ပြနိုင်တဲ့အခါ ယုံကြည်မှု ပိုမြင့်မားလာသလို အလုပ်မှာ ပိုအားရ ပျော်ရွှင်ဖို့ အကြောင်းဖန်လာပါလိမ့်မယ်။

၅။ ပတ်ဝန်းကျင် အမြင်ကို ဆန်းစစ်ပါ
ဘေးပတ်ဝန်းကျင်ရဲ့ အကောင်းအဆိုး ဝေဖန်စကားတွေကို ရာနှုန်းပြည့် ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ အလေးထား နားထောင်ပါ။ ပြီးရင် ပြန်ဆန်းစစ်ပါ။ ကိုယ့်အတွက် အမှန်တကယ် ပြုပြင်ဖို့ လိုအပ်တဲ့ အကြောင်းအရာမျိုးဆို လိုက်နာ ပြင်ဆင်လိုက်တာ ကောင်းပါတယ်။ ကိုယ့်အရည်အချင်းကို မနာလိုတဲ့ အတင်းစကားတွေ ဆိုရင်တော့ မျက်ကွယ်ပြုထားလိုက်ပါ။ ပြင်ဆင်ဖို့ လိုတာတွေကို ဖြည့်ဆည်း ပြင်ဆင်ထားတာဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကိုလည်း မြှင့်တင်ပြီးသား ဖြစ်လာစေပါတယ်။ အားလုံးနဲ့ အဆင်ပြေတဲ့ ပတ်ဝန်းကျင်က ကိုယ့်အတွက်လည်း ဖိအားကင်းကင်းနဲ့ ပျော်ရွှင်စရာ ဖြစ်စေမှာပါ။

၆။ မိတ်ဆွေဖွဲ့ပါ
လုပ်ဖော်ကိုင်ဖက် အဆင့်ထက် ပိုရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးတွေ ရရှိလာအောင် အလုပ်ခွင်မှာ ပေါင်းသင်းဆက်ဆံရေးကို ဂရုစိုက်သင့်ပါတယ်။ အလုပ်သဘောအရ ဆက်ဆံနေတာထက် ပိုခိုင်မြဲတဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးယူရပါမယ်။ အားလပ်ရက်တွေမှာ အတူစုဆုံပြီး ခရီးတိုထွက်တာ၊ စုပေါင်းချက်ပြုတ် စားသောက်တာမျိုးတွေပါ။ သူငယ်ချင်း အပေါင်းအသင်းတွေ ဝန်းရံနေတဲ့ နေရာမှာ အလုပ်လုပ်ရတဲ့အခါ အလုပ်လုပ်နေရတယ်လို့ကို ထင်တော့မှာ မဟုတ်ပါဘူး။ နောက်နောက်ပြောင်ပြောင် ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ချိန်တွေက အကုန်တောင် မြန်နေပါဦးမယ်။

၇။ အကောင်းမြင်ပါ
ပေါင်းသင်းဆက်ဆံရေးမှာ အခြေခံ အကျဆုံး အကြံပေးမှုတွေထဲမှာ တစ်ခုအပါအဝင်လို့ ဆိုရပါမယ်။ အခြေအနေတိုင်း၊ ဖြစ်ရပ်တိုင်းကို အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း အားလုံးက ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခွင့် ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ်က အတတ်နိုင်ဆုံး အကောင်းမြင်နေတဲ့တိုင် ပတ်ဝန်းကျင်မှာ အနုတ်လက္ခဏာဆန်ဆန် တုံ့ပြန်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဖြစ်နိုင်သမျှ စိတ်ရှည်ရှည်ထားပြီး ကိုယ်ပိုင် အကောင်းမြင်စိတ်ကို မပွန်းမပဲ့အောင် ထိန်းသိမ်းထားပါ။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်လောက်အောင် ဖိအားတွေ များနေရင်တော့ ကိုယ်နဲ့ ပိုကိုက်ညီမယ့် အလုပ်ခွင် နေရာသစ်ကို ရှာဖွေခြင်းက အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။