HRကောင်း တစ်ယောက်အတွက် လိုအပ်တဲ့ အခြေခံ ကျွမ်းကျင်မှု ငါးမျိုး

HRကောင်း တစ်ယောက်အတွက် လိုအပ်တဲ့ အခြေခံ ကျွမ်းကျင်မှု ငါးမျိုး

HR ဌာနမှာ အလုပ်ဝင်တော့မယ် ဆိုပါစို့။ အရေးအကြီးဆုံး မေးခွန်းက HRကောင်း တစ်ယောက်မှာ ဘယ်လို ကျွမ်းကျင်မှုတွေ ရှိသင့်သလဲ၊ ဘာတွေ တတ်ထားသင့်သလဲ ဆိုတာပါပဲ။ အလုပ်သင် HRဘဝကနေ ပရော်ဖက်ရှင်နယ် အဆင့်ထိ မြင့်တက်လာဖို့ဆိုရင် ဖြတ်သန်းရမယ့် အဆင့်တွေ၊ တတ်မြောက်ရမယ့် ကျွမ်းကျင်မှုတွေ အများအပြား ရှိပါတယ်။ ချဲ့ရင် ချဲ့သလို ကျယ်ပြန့်သွားမှာပါ။ ဥပမာ နည်းပညာခေတ်မှာ HRတွေဟာ ကွန်ပျူတာ ပညာရပ်ကို တီးမိခေါက်မိ ရှိသင့်တယ် ဆိုတာမျိုးပေါ့။

အခြေခံ အားဖြင့်တော့ HRတစ်ယောက်မှာ အနည်းဆုံး အခုဖော်ပြပါ အရည်အချင်း၊ ကျွမ်းကျင်မှု ငါးမျိုးလောက်နဲ့ ပြည့်စုံနေသင့်ပါတယ်။

စီမံခန့်ခွဲမှု
အဖွဲ့အစည်း တစ်ခုရဲ့ လည်ပတ်မှုကို ချောချောမွေ့မွေ့ မောင်းနှင်ရာမှာ HRဌာနက တကယ့်ကို အဓိက ကျပါတယ်။ အဲဒီလို အခြေအနေမှာ HR ဌာနအတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကလည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိနေဖို့ လိုပါတယ်။ ဦးဆောင်မှုစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ကောင်းမွန်တဲ့ HRတွေဟာ အချိန်ကိုက် စီမံခန့်ခွဲမှုနဲ့ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ချိန်မှာလည်း ပိုလွယ်ကူ အဆင်ပြေနေတတ်ပါတယ်။ HRကောင်းတွေဟာ ဝန်ထမ်းရေးရာ ကိစ္စတွေအပြင် စာရွက်စာတမ်းနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။

ညှိနှိုင်းဆောင်ရွက်မှု
ဒုတိယ အရေးအကြီးဆုံး လိုအပ်တဲ့ HR အရည်အသွေးကတော့ ညှိနှိုင်းဖြေရှင်းမှုတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်ပြဖို့ ဖြစ်ပါတယ်။ HRတွေရဲ့ အနေအထားကိုက အဆင့်မြင့် အမှုဆောင်တွေနဲ့ အောက်ခြေ ဝန်ထမ်းတွေကြား ကြားခံလူသဖွယ် ဖြစ်နေတတ်ပါတယ်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုရဲ့ အထစ်အငေါ့မရှိ လည်ပတ်မှုမှာ အထက်အောက် ဟန်ချက်ညီစေဖို့အတွက် နှစ်ဖက်စလုံးရဲ့ တောင်းဆိုမှုတွေကို HRတွေက ညှိနှိုင်းပေးနိုင်ရပါမယ်။ အားလုံး ပျော်ရွှင်စေမယ့် အဖြေတစ်ခု ညှိနှိုင်း ဖော်ထုတ်နိုင်ခြင်းဟာ HRတွေရဲ့ အရည်အချင်းကောင်းတစ်ခု ဖြစ်ပါတယ်။

ပြဿနာဖြေရှင်းနိုင်မှု၊ ပဋိပက္ခဆိုင်ရာ ကိုင်တွယ်မှု
အခန့်မသင့်ရင် လျှာနဲ့သွားတောင် ကိုက်မိတတ်ပါသေးတယ်။ လုပ်ငန်းနယ်ပယ်မှာလည်း လုပ်ဖော်ကိုင်ဖက်ချင်း ပြဿနာတွေ၊ သဘောထား ကွဲလွဲမှုတွေ ပေါ်လာမှာပါပဲ။ ဒီလို အခြေအနေတွေမှာဆိုရင် HRတွေက ဝင်ဖြေရှင်းပေးဖို့ လိုပါတယ်။ ပဋိပက္ခ အခြေအနေတွေကို ၀င်ရောက် ကိုင်တွယ်ရတာမျိုးပါ။ ပြဿနာတွေက လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ဒါမှမဟုတ် မန်နေဂျာနဲ့ လက်အောက်ငယ်သားကြားမှာ ဘာမဆို ပေါ်ပေါက်လာနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို လိုက်လျောညီထွေ ကိုင်တွယ် ဖြေရှင်းပေးရတာကလည်း HRတွေအတွက် တတိယ အရေးအကြီးဆုံး လိုအပ်တဲ့ ကျွမ်းကျင်မှုလို့ ပြောရပါလိမ့်မယ်။

ပေါင်းသင်းဆက်ဆံရေး
ကုမ္ပဏီ၊ ရုံးခန်းမှာ ရှိသမျှ နေရာစုံက ဝန်ထမ်းတိုင်းနဲ့ ထိတွေ့နေရမှတော့ ပေါင်းသင်းဆက်ဆံရေး မကောင်းလို့ ဘယ်လိုမှ မရတော့ပါဘူး။ ဒါ့အပြင် အခြေခံ သဘောတရားအရ HRဌာနဆိုတာ လူမုန်းခံရတတ်တာ ဓမ္မတာပါပဲ။ ဒါကြောင့် အဆင့်တိုင်းက အမှုဆောင်တွေ၊ ဝန်ထမ်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားနိုင်မှသာ HR လုပ်ငန်းစဉ်တွေကို ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေး ဆိုတာကလည်း အပြောစွမ်းရည် တစ်မျိုးတည်းတင် မရပါဘူး။ ဒီနေ့ခေတ် လုပ်ငန်းသဘောအရ အရေးအသား ပြေပြစ်မှုနဲ့ လူမှုကွန်ရက် မီဒီယာတွေကို ပါးပါးနပ်နပ် အသုံးချနိုင်မှုတွေပါ လိုအပ်လာပြီ ဖြစ်ပါတယ်။

တပြိုင်တည်း တာဝန်မျိုးစုံ ယူနိုင်မှု
ပဉ္စမမြောက် အရေးအကြီးဆုံး HR အရည်အသွေးအဖြစ် တပြိုင်တည်းမှာ တာဝန်မျိုးစုံ ယူနိုင်တဲ့ Multitasking ပိုင်နိုင်မှု ဖြစ်ပါတယ်။ HR ဝန်ထမ်းတွေဟာ ကွဲပြားတဲ့ တာဝန်မျိုးစုံကို နိစ္စဓူဝ တာဝန်ယူနေရတာမျိုးပါ။ ဒီတော့ အလုပ်တစ်ခုပြီးမှ တခြားတစ်ခု စလုပ်မယ် ဆိုတာမျိုး သဘောထားလို့ မရပါဘူး။ ဝန်ထမ်းရေးရာ ကဏ္ဍတွေကို ကိုင်တွယ်နေရင်း ရုံးလုပ်ငန်းတွေကို အပြတ်ဖြတ်သင့်တာ ဖြတ်ရပါမယ်။ စည်းကမ်း ကြပ်မတ်မှုတွေကို စောင့်ကြည့်သင့်တာ ကြည့်ရပါမယ်။ အင်တာဗျူး ခေါ်တာတွေ၊ အစည်းအဝေး ကိစ္စတွေ အပါအ၀င် ဘက်ပေါင်းစုံက လုပ်ငန်းတာဝန်တွေကို နိုင်နိုင်နင်းနင်း၊ အချိန်တိတိကျကျ ကိုင်တွယ် လုပ်ဆောင်နိုင်ခြင်းဟာလည်း HRကောင်း တစ်ယောက်မှာ မရှိမဖြစ် ပိုင်ဆိုင်ရမယ့် ဝိသေသ တစ်ရပ်ပါပဲ။