HR ကောင်းတစ်ယောက်ရဲ့စရိုက်သဘာဝများ

HR ကောင်းတစ်ယောက်ရဲ့စရိုက်သဘာဝများ

HR တစ်ယောက်ရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းကို အကဲဖြတ်မယ်ဆိုရင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စရိုက်လက္ခဏာ၊ လုပ်ငန်းကျွမ်းကျင်မှု အားလုံးဟာ ထည့်သွင်း တွက်ချက်ရမယ့် ညွှန်ကိန်းတွေ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ပီသပြီး ထူးချွန်ထက်မြက်တဲ့ HR ဝန်ထမ်းတစ်ယောက် ဖြစ်စေဖို့ဆိုရင် အခြေခံအားဖြင့် အောက်ပါ အရည်အသွေးတွေနဲ့ ပြည့်စုံသင့်ပါတယ်။

HR ပညာရပ်ဆိုင်ရာ ဗဟုသုတနဲ့ ကျွမ်းကျင်မှု
ထူးချွန်တဲ့ HRဝန်ထမ်း တစ်ယောက်ဟာ HR ဌာနက ကိုင်တွယ် ဆောင်ရွက်ရတဲ့ အမျိုးမျိုးသော လုပ်ငန်းစဉ်တွေကို နားလည်ထားရမှာ ဖြစ်ပါတယ်။ HR တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံလာနိုင်တဲ့အပေါ် အမြဲတမ်း အသင့်ပြင်ဆင် ထားသင့်ပါတယ်။ ဝန်ထမ်းလစာ မှားထုတ်ပေးမိတဲ့ ရိုးရိုးရှင်းရှင်း ပြဿနာလေးတွေ ဖြေရှင်းပေးရတာမျိုး ရှိနိုင်သလို အလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တယ်ဆိုတဲ့ တိုင်တန်းမှုတွေကို စုံစမ်း ကိုင်တွယ်ရတဲ့ ခက်ခက်ခဲခဲ ကိစ္စတွေလည်း ကြုံလာနိုင်ပါတယ်။ ပြဿနာရဲ့ အတိမ်အနက်က ခက်သည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ ကျွမ်းကျင်မှုနဲ့ ဗဟုသုတ ပြည့်ဝတဲ့ HR ဝန်ထမ်းကောင်း တစ်ယောက်ဟာ ခေါင်းအေးအေးနဲ့ မျှမျှတတ ဆုံးဖြတ် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး
HR ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ပေါင်းသင်းဆက်ဆံမှု အရည်အချင်း မြင့်မြင့်မားမား ရှိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီနယ်ပယ်မှာ အောင်မြင်မှုရဖို့ မလွယ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ဆိုတာက ကျယ်ပြန့်တဲ့ ပုံစံကွဲတွေ အများကြီး ရှိပါတယ်။ တစ်ဖက်သားရဲ့ ဖွင့်ဟတောင်းခံမှုကို ခြေခြေမြစ်မြစ် နားထောင်ပြီး တုံ့ပြန် စဉ်းစားပေးနိုင်တဲ့ အရည်အချင်းက သိပ်အရေးကြီးပါတယ်။ ရင်းနှီး ကျွမ်းဝင်ပေမယ့် ပရော်ဖက်ရှင်နယ် ပီသတဲ့ နှုတ်မှုစွမ်းရည်မျိုး ရှိနေတဲ့အခါ ဝန်ထမ်းတွေက အဲဒီ HRဝန်ထမ်းကို အားကိုးတကြီး တိုင်ပင် နှီးနှောချင်မှာ သေချာပါတယ်။ နှုတ်မှုစွမ်းရည်က အရေးကြီးသလို စာနဲ့ရေးသား ဆက်သွယ်ရတဲ့ ကဏ္ဍမှာလည်း ချောမွေ့ ပြေပြစ်ဖို့ အထူး လိုအပ်ပါတယ်။ ရေးသားမှု ပုံစံမှာလည်း တစ်ဖက်လူကို ခင်မင်နှစ်လိုမှု ပြသပေမယ့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ စည်းတစ်ခု ခြားထားတဲ့ ပုံရိပ်မျိုး ပေါ်လွင်နေသင့်ပါတယ်။ HR ဌာနရဲ့ အခြေခံ ရည်ရွယ်ချက်က ဝန်ထမ်းတွေကို ကူညီဖို့၊ အကြံပေးဖို့ ဖြစ်ပါတယ်။ ဒီတော့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးကို ထိထိရောက်ရောက် အသုံးချဖို့က မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်း တစ်ခုလို့ ဆိုရမှာပါ။

အချိန်နဲ့ ကိုယ်ပိုင်စည်းကမ်း သတ်မှတ်မှု
HR တစ်ယောက်အတွက် တစ်ခါတလေ အလုပ်ပါးနေတတ်ပေမယ့် တချို့နေ့တွေမှာတော့ နာရီအတော်များများနဲ့တောင် အချိန်မလုံလောက်တာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်တိုင်းမှာ နိစ္စဓူဝ ပြီးမြောက်ရမယ့် ရည်မှန်းချက် အတိုင်းအတာ ရှိတတ်ပေမယ့် HRတွေမှာတော့ အလုပ်ကို တစ်ချီတည်း အပြတ်ဖြတ်နိုင်တယ်ဆိုရင် ပျော်စရာနေ့လို့ ညွှန်းဆိုရမှာပါ။ HRတွေ ကိုင်တွယ်ရတဲ့ တချို့ကိစ္စတွေဟာ တစ်ရက်ပြီးတစ်ရက် ဆက်နေအောင် ဖြေရှင်းနေရတတ်ပါတယ်။ ဒါကြောင့် အချိန်ဇယားကို ထိထိရောက်ရောက် စီမံခန့်ခွဲပြီး ကိုယ်ပိုင် အလုပ်ပမာဏကို စည်းကမ်းသတ်မှတ်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘယ်အလုပ်က ပိုအရေးကြီးပြီး အချိန်ဘယ်လောက်အတွင်း ဦးစားပေး အဆင့်အနေနဲ့ ပြီးအောင် အဆုံးသတ်ရမလဲ ဆိုတာကို ကိုယ်တိုင် သိနေရပါမယ်။ အချိန်ကို ဘယ်လို တန်ဖိုးရှိရှိ အသုံးချရမလဲ ဆိုတာကို နားလည်ထားခြင်းက HR ဝန်ထမ်းကောင်း တစ်ယောက်မှာ အင်မတန် လိုအပ်တဲ့ အရည်အချင်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

တည်ကြည်ရိုးဖြောင့်မှု
ရှင်းပါတယ်။ တည်ကြည်သူ၊ ရိုးသားသူ တစ်ယောက်ကို လူတွေက ယုံကြည်ပါတယ်။ ထူးချွန်တဲ့ HRတိုင်းဟာ ထိတွေ့ ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေဆီက ယုံကြည် အားကိုးမှုကို ရနေဖို့ ၁၀၀ ရာခိုင်နှုန်း အရေးကြီးပါတယ်။ လူတွေက သူတို့ ယုံကြည်တဲ့ သူကိုသာ ပြဿနာတွေ၊ ဝေခွဲမရဖြစ်တဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ကြမှာပါ။ တစ်ခါတလေမှာ ဝန်ထမ်းတွေက HRတွေကို သူတို့ရဲ့ အတွင်းရေး ကိစ္စတွေကိုပါ ဖွင့်ဟ ပြောပြပြီး အကြံဉာဏ် ယူရတာမျိုး ရှိတတ်ပါတယ်။ ဒီတော့ လူတွေက ယုံကြည်စိတ်ချတဲ့ HRတစ်ယောက် ဖြစ်နေဖို့ ကိုယ့်ရဲ့ သမာဓိဂုဏ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ထားရမှာပါ။ HR တစ်ယောက်မှာ ရိုးဖြောင့်မှုနဲ့ ပတ်သက်လို့ အမည်းစက်လေးတစ်ခု ရှိလိုက်ရင်တောင် အန္တရာယ် သိပ်ကြီးပါတယ်။ အမှားသေးသေးလေး တစ်ခုနဲ့တင် လူတွေက ကိုယ့်ကို မယုံကြည်ထိုက်ဘူးလို့ စွဲမှတ်သွားနိုင်တာကြောင့်ပါ။ ကိုယ်ပိုင် တည်ကြည်မှု သမာဓိဂုဏ်ကို အပွန်းအပဲ့မရှိ ထိန်းသိမ်းထားဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သမာသမတ်ကျမှု
HRတစ်ယောက်အဖြစ် အသက်မွေးတော့မယ် ဆိုတာနဲ့ ကိုယ့်ရဲ့ နေရာဟာ အစွန်းနှစ်ဖက်နဲ့ ဝေးတဲ့ အလယ်လူ ဖြစ်နေရမယ် ဆိုတာကို ခေါင်းထဲ ရိုက်သွင်းထားရမှာပါ။ အလုပ်ထဲက အကြောင်းကိစ္စ တစ်ခုခုနဲ့ဖြစ်စေ၊ ဝန်ထမ်းရေးရာ ပြဿနာ တစ်ခုခုကို ဖြေရှင်းတဲ့ အခါမှာဖြစ်စေ ကိုယ့်ရဲ့ ကိုင်တွယ်ကြပ်မတ်မှုဟာ တိကျပြတ်သားပြီး သမာသမတ်ကျဖို့ သိပ်အရေးကြီးပါတယ်။ HRကောင်း တစ်ယောက်ဟာ ပြဿနာ တစ်ခုကို ကိုင်တွယ်ပြီဆိုရင် ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်ထားလိုက်သင့်ပါတယ်။ အဲဒီအစား လက်တွေ့ ဖြစ်တည်နေတဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုပဲ မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ တကယ်လို့ ကိုယ့်အနေအထားက အဲဒီပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ အလယ်လူ နေရာက ကိုင်တွယ်ဖို့ မဖြစ်နိုင်တဲ့ ခြွင်းချက်တွေ ရှိနေတယ်ဆိုရင် တခြားသူ တစ်ယောက်ကို လွှဲပေးလိုက်တာမျိုး ပြတ်သားသင့်ပါတယ်။ အနုတ်လက္ခဏာဆန်တဲ့ ပြဿနာတွေမှာ အပေါင်းလက္ခဏာဆန်တဲ့ အဖြေတစ်ခု ဆွဲထုတ်ပြနိုင်ခဲ့မယ်ဆိုရင် HRတစ်ယောက်အတွက် အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။ တချို့အရာတွေကိုတော့ အချိန်နဲ့ အတွေ့အကြုံက သင်ကြားပေးသွားတတ်ပါတယ်။

သင်ကြားမှု၊ ပျိုးထောင်မှု၊ လမ်းညွှန်မှု
HRတွေ ထမ်းဆောင်ရတဲ့ မြောက်မြားစွာသော တာဝန်တွေထဲမှာ ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ အရာရှိတွေအတွက် သင့်တော်တဲ့ မွမ်းမံသင်တန်းတွေ ဖြည့်တင်းပေးခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အတွက်တော့ သူတို့ရဲ့ အလုပ်ကို ပိုပြီး ထက်ထက်မြက်မြက် လုပ်ဆောင်ဖို့အတွက် ဆန်းသစ်တဲ့၊ ခေတ်နဲ့လျော်ညီတဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေ လိုအပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် သင်တန်းမျိုးတွေကို စနစ်တကျ ရွေးချယ် စီစဉ်ပေးနိုင်မယ်ဆိုရင် သက်ဆိုင်ရာ ဝန်ထမ်းအတွက်သာ မကဘဲ ကုမ္ပဏီကိုပါ ကောင်းကျိုး ဖြစ်စေမှာပါ။ လမ်းညွှန်ပြသမှု၊ အဆင့်မြှင့် မွမ်းမံပေးမှုတွေ ဖြည့်တင်းပေးလိုက်ရင် လက်ရှိထက် အများကြီး တိုးတက်လာနိုင်တဲ့ ဝန်ထမ်းတွေ အလုပ်ခွင်ထဲမှာ ရှိတတ်ပါတယ်။ အဲဒီလို မီးခဲပြာဖုံး ဝန်ထမ်းကောင်းတွေကို သူတို့နဲ့ သင့်တော်တဲ့ လမ်းညွှန် ကူညီမှုတွေ အကြံပြုပေးခြင်းဟာ HRကောင်း တစ်ယောက်ရဲ့ တာဝန်တစ်ခုသာ မကဘဲ အရည်အချင်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ကြောင့် ဝန်ထမ်းတစ်ယောက်ရဲ့ ကျွမ်းကျင်မှု အဆင့်အတန်း မြင့်တက်သွားတာကို ခံစားရတဲ့ မုဒိတာ အရသာကိုလည်း မြိန်ရည်ယှက်ရည် ပိုင်ဆိုင်ရဦးမှာပါ။