HR ဌာနရဲ့ အဓိက လုပ်ငန်းတာဝန်များ

HR ဌာနရဲ့ အဓိက လုပ်ငန်းတာဝန်များ

HR ဌာနဟာ ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုရဲ့ အရေးအပါဆုံး တာဝန် အတော်များများကို ထိန်းချုပ် ကိုင်တွယ်ရပါတယ်။ HR ဌာနရဲ့ လုပ်ဆောင်မှုတွေမှာ အလုပ်သမား ဥပဒေနဲ့အညီ ဆောင်ရွက်တာ၊ မှတ်တမ်းတွေ သိုမှီးတာ၊ ဝန်ထမ်းသစ်တွေ ခန့်အပ်တာ၊ လေ့ကျင့်ရေး အထောက်အပံ့ပေးတာတွေအပြင် နစ်နာကြေး ကိစ္စတွေ၊ ကဏ္ဍအလိုက် အထောက်အပံ့ ပေးတာတွေ ပါဝင်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေက သိပ်ကို အရေးကြီးပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေ ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် လည်ပတ်မှု မရှိဘူးဆိုရင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုနဲ့ ဝန်ထမ်းရေးရာ ကဏ္ဍတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတွေ မစုံလင်တဲ့ သဘောပါပဲ။

အလုပ်သမား ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း
HR ဌာနရဲ့ ဦးစားပေးအဆင့် တာဝန်တစ်ခုကတော့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေဟာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမား ဥပဒေတွေနဲ့အညီ လည်ပတ်နေတာ သေချာစေဖို့ပါပဲ။ ဒါကြောင့် HR ဌာနဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေကို သေချာ နားလည် သိရှိထားဖို့ လိုပါတယ်။ လုပ်သား တစ်ဦးချင်းစီအတွက် အလုပ်ချိန် နာရီအရေအတွက် သတ်မှတ်ချက်၊ အသက်ကန့်သတ်ချက် အစရှိတာတွေကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ HR ဌာနက တာဝန်ယူရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းသစ် ခန့်အပ်ခြင်းနှင့် လေ့ကျင့်ခြင်း
HR ဌာနရဲ့ နောက်ထပ် အဓိက အကျဆုံး လုပ်ငန်းတာဝန် တစ်ခုကတော့ ဝန်ထမ်းသစ်တွေ ငှားရမ်း ခန့်အပ်တာနဲ့ လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေ ထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လစ်လပ် နေရာတွေကို ကြေညာတာ၊ အလုပ်လာလျှောက်သူတွေကို အင်တာဗျူးတာ၊ ရွေးချယ် ခန့်အပ်လိုက်တဲ့ ဝန်ထမ်းသစ်တွေကို လိုအပ်တဲ့ လေ့ကျင့်ကာလ အချိန်သတ်မှတ်ပေးတာတွေ ပါဝင်ပါတယ်။ HR ဌာနတွေဟာ အလုပ်နဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက အသေးစိတ် ဖော်ပြထားတဲ့ ဝန်ထမ်းလမ်းညွှန် စာအုပ်လို လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းတွေ ဖြန့်ဝေပေးတာမျိုးလည်း ရှိတတ်ပါတယ်။

မှတ်တမ်းသိုမှီးခြင်း
ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုရဲ့ မှတ်တမ်းသိုမှီးမှု ကဏ္ဍမှာ HR ဌာနက အခေါင်အချုပ် သဘောမျိုး စီမံ ခန့်ခွဲလေ့ ရှိပါတယ်။ ကုမ္ပဏီ တစ်ခုဟာ ဝင်ငွေ၊ ထွက်ငွေ၊ ဝယ်ယူမှု စာရင်းအင်းတွေနဲ့ လုပ်ငန်း အခြေအနေ အပြောင်းအလဲဆိုင်ရာ မှတ်တမ်းတွေကို စနစ်တကျ ပြုစုထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် HR ဌာနဟာ ဝန်ထမ်း တစ်ဦးချင်းစီရဲ့ အခွန်ထမ်းဆောင်မှု အပါအဝင် လိုအပ်တဲ့ မှတ်တမ်းတွေကိုလည်း ထိန်းသိမ်းထားရမှာပါ။ ပြီးတော့ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင်ကိစ္စ၊ ပိုင်ဆိုင်မှု အချက်အလက်တွေ၊ အာမခံ မှတ်တမ်းတွေနဲ့ တခြားကိစ္စတွေကိုပါ မှတ်တမ်း သိမ်းဆည်းထားဖို့ HR ဌာနက လုပ်ဆောင်သင့်ပါတယ်။

လုပ်ခလစာနဲ့ ခံစားခွင့်များ သတ်မှတ်ခြင်း
HR ဌာနဟာ ဝန်ထမ်းတွေအတွက် လုပ်ခလစာ အပါအဝင် ငွေပေးချေမှုတွေကို သတ်မှတ်ဖို့လည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီ အကြီးစားတွေမှာတော့ လုပ်ခလစာ ကိစ္စကို ဌာနတွေ ခွဲခြား ကိုင်တွယ်ကြတယ်။ ကုမ္ပဏီငယ်တွေမှာတော့ ပုံမှန်အားဖြင့် HR ဌာနရဲ့ ဝန်ထမ်းတွေက တာဝန်ယူရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့်လို ကိစ္စရပ်တွေပါ HR ဌာနနဲ့ သက်ဆိုင်ပါတယ်။

လုပ်ငန်းခွင် ဆက်ဆံရေးကို ကြပ်မတ်ခြင်း
HR ဌာနရဲ့ နောက်ထပ် အရေးကြီး တာဝန်တစ်ခုကတော့ ဝန်ထမ်းတွေကြား ဆက်ဆံရေးကို ကြပ်မတ် ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ ဝန်ထမ်းအချင်းချင်း ဖြစ်စေ၊ ဝန်ထမ်းနဲ့ မန်နေဂျာကြားမှာဖြစ်စေ အငြင်းအခုံ ပြဿနာမျိုး တစ်ခုခု ပေါ်လာရင် HR ဌာနက ကြားဝင် ညှိနှိုင်းပေးရပါတယ်။ ဝန်ထမ်းတွေ ဘက်ကလည်း လုပ်ငန်းခွင် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိလာတဲ့အခါ HR ဌာနရဲ့ ဖြေရှင်းမှုကို ရယူဖို့ အကူအညီ တောင်းခံသင့်ပါတယ်။

ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ခြင်း
HR ဌာန တာဝန်ရှိသူတွေဟာ အဖွဲ့အစည်းတွင်း ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်မှုနဲ့ ပတ်သက်ပြီးလည်း အစီအမံတွေ ရေးဆွဲ အကောင်အထည် ဖော်ရတတ်ပါတယ်။ အဲဒီ အစီအမံတွေကိုတော့ PIPတွေလို့ အတိုကောက် ခေါ်ဝေါ်လေ့ ရှိတယ်။ ယေဘုယျ အားဖြင့်တော့ လုပ်ငန်းခွင်မှာ အထိုင်မကျဘဲ ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်အကိုင် အရည်အသွေး မြင့်တက်လာစေဖို့ စဉ်းစား အဆိုပြုမှုတွေ ထောက်ပံ့ပေးတာမျိုးပါ။ အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့က တက္ကဆက်စ် တက္ကသိုလ်က ထုတ်ပြန်မှု တစ်ခုမှာ PIP လုပ်ငန်းစဉ်တွေ ဆိုတာဟာ ဝန်ထမ်းတွေရဲ့ အမူအကျင့်၊ စွမ်းဆောင်ရည်တွေကို အခြေခံပြီး အချိန်ကာလ တစ်ခုအတွင်း သတ်မှတ် ရည်မှန်းချက်တွေ အထမြောက်အောင် ကူညီ ဖြည့်ဆည်းတာမျိုး ဖြစ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ PIPတွေမှာ ဝန်ထမ်း အရည်အသွေး မြှင့်တင်ဖို့ လိုအပ်တဲ့ အရင်းအမြစ် အထောက်အပံ့တွေကိုပါ ထည့်သွင်း အဆိုပြုသင့်ပြီး မျှော်မှန်းတဲ့အတိုင်း ဖြစ်မလာရင် ကြုံလာနိုင်မယ့် အကျိုးဆက်တွေကိုပါ အသေးစိတ် ဆန်းစစ် သုံးသပ်ပြထားရမှာ ဖြစ်ပါတယ်။