လုပ်ငန်းခွင်က ချစ်စရာ့ အလယ်လူများ (Middle Managerကောင်းတွေရဲ့ ဝိသေသ ရှစ်ရပ်)

လုပ်ငန်းခွင်က ချစ်စရာ့ အလယ်လူများ (Middle Managerကောင်းတွေရဲ့ ဝိသေသ ရှစ်ရပ်)

သူတို့ဟာ လုပ်ငန်း သဘောသဘာဝ အရရော၊ ရာထူး သတ်မှတ်ချက် အရပါ အဖွဲ့အစည်း တစ်ခုရဲ့ အလယ်အလတ် နေရာမှာ ရှိနေတတ်ပါတယ်။ Middle Managerလို့ ခြုံငုံခေါ်ဝေါ်လေ့ရှိတဲ့ သူတွေက အမှုဆောင် မဟုတ်တဲ့ အရာရှိတွေ၊ ဌာနမှူးတွေ၊ ဝန်ထမ်းတွေနဲ့ တိုက်ရိုက်ထိတွေ့ စီမံခန့်ခွဲရတဲ့ မန်နေဂျာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

Middle Managerတွေရဲ့ သဘောသဘာဝကိုက အဆင့်အမြင့်ဆုံး အမှုဆောင်တွေ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ လက်အောက် ဝန်ထမ်းတွေကြားမှာ ချိတ်ဆက် တာဝန်ယူရလေ့ ရှိပါတယ်။ တစ်ခါတလေကျရင် ကြားလူတွေပီပီ အထက်လူကြီးရဲ့ အပြစ်တင်မှုရော၊ လက်အောက်ငယ်သားတွေရဲ့ အမြင်မကြည်မှုကိုပါ ခံရတတ်ပြန်တယ်။

ဒါပေမဲ့ Middle Managerတွေဟာ လုပ်ငန်းရဲ့ အရှိန်အဟုန်ကို ထိန်းညှိမှုနဲ့ ချောချောမွေ့မွေ့ လည်ပတ်မှုတွေမှာ အရေးအကြီးဆုံး ကြားခံ အစိတ်အပိုင်းတွေ ဖြစ်နေလေ့ ရှိပါတယ်။ အရည်အသွေး ပြည့်ဝပြီး မှန်မှန်ကန်ကန် လုပ်ဆောင်တတ်တဲ့ Middle Managerတွေကို နှစ်လို ချစ်ခင်သင့်တယ် ဆိုတာကိုတော့ အောက်ပါ အချက်တွေနဲ့ ဆန်းစစ် အကဲဖြတ်နိုင်မှာပါ။

အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း
အရည်အချင်း ပြည့်ဝတဲ့ Middle Manager တစ်ယောက်ဟာ သူတာဝန်ယူ ကိုင်တွယ်ရတဲ့ ဌာန၊ ဒါမှမဟုတ် ယူနစ်တစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံး ညှစ်ထုတ်ယူဖို့ ဘက်ပေါင်းစုံက ကြိုးစားမှာပါပဲ။ ကုမ္ပဏီ၊ ဒါမှမဟုတ် လုပ်ငန်းတိုင်းရဲ့ ဌာန အများစုမှာ ထူးချွန်တဲ့ Middle Managerတွေသာ ခန့်အပ်ထားနိုင်မယ် ဆိုရင်တော့ လုပ်ငန်း တစ်ခုလုံးရဲ့ ကောင်းကျိုး ပွင့်လန်း တိုးတက်မှုက သိသိသာသာ အရှိန်ကောင်းလာမှာ အမှန်ပါပဲ။

လုပ်ငန်းပိုင်း နားလည်ခြင်း
တကယ် ထက်မြက် ကျွမ်းကျင်တဲ့ Middle Managerတွေဟာ လုပ်သင့် လုပ်ထိုက်တာကို သိပါတယ်။ ဝန်ထမ်းတွေရဲ့ အားသာချက်နဲ့ အခက်အခဲတွေကို နားလည်ပါတယ်။ ကုမ္ပဏီရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်တွေကို သဘောပေါက်ပါတယ်။ တာဝန်ယူရတဲ့ ဌာန၊ အစုအဖွဲ့ကို ထိန်းချုပ် စီမံဖို့တင် မကဘဲ ကုမ္ပဏီရဲ့ မဟာဗျူဟာ ဖော်ဆောင်မှုကို မောင်းနှင်ရာမှာပါ ပါဝင်လေ့ ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုဟာ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကောင်းမွန်တဲ့ စိတ်ဓာတ် မြှင့်တင်မှုမျိုး အနေနဲ့လည်း သက်ရောက်နိုင်ပါတယ်။

ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ပုံဖော်ပေးခြင်း
လုပ်ငန်းနယ်ပယ်ထဲမှာ ခြေခြေမြစ်မြစ် ပါဝင်တတ်တဲ့ Middle Managerတွေဟာ ကိုယ့်လက်အောက် ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု ပိုတိုးတက်အောင်၊ ပိုကျွမ်းကျင်အောင်ပါ ကြပ်မတ် ပုံဖော်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာ အတွေ့အကြုံပိုင်း အရရော၊ ပညာအရပါ တိုးတက်လာသူ အများစုဟာ သူတို့ကို အနီးကပ် ကြီးကြပ်နေတဲ့ အရာရှိတွေဆီက တန်ဖိုးရှိတဲ့ ဝေမျှမှုတွေ ရယူနိုင်ခဲ့တယ် ဆိုတာကို ဝန်ခံကြမှာပါ။

နှုတ်လုံခြင်း
ထိပ်ဆုံးအဆင့်နဲ့ အောက်ခြေအဆင့်ကြားမှာ သတင်းအချက်အလက် စီးဆင်းမှုတွေဟာ ကြားခံနေရာမှာရှိတဲ့ Middle Managerတွေကို ဖြတ်သန်းသွားလေ့ ရှိပါတယ်။ အဲဒီအခါမှာ အထက်နဲ့အောက် ရောက်သင့်တဲ့စကား ရောက်တာ ကိစ္စမရှိပေမယ့် မရောက်သင့်တဲ့ စကားမျိုးတွေ ရောက်သွားရင် အန္တရာယ် ကြီးလွန်းပါတယ်။ ပါးနပ်ပြီး သဘောထားကြီးတဲ့ Middle Managerတွေကတော့ ဒီအခြေအနေမှာ နှုတ်လုံသင့်တဲ့ အပိုင်းကို နှုတ်လုံပြီး အသိပေးသင့်တဲ့ အပိုင်းကို အသိပေးပါလိမ့်မယ်။ အကျိုးဆက် အနေနဲ့ အမှုဆောင်ပိုင်းနဲ့ အောက်ခြေဝန်ထမ်းတွေကြား ပေါင်းကူး ဆက်ဆံရေးက ချောမွေ့နေပြီး လုပ်ငန်း ဖြစ်ထွန်း အောင်မြင်ရေးမှာ အကျိုးကျေးဇူး ကြီးမားလာမှာပါ။

အသိပေး မျှဝေခြင်း
နည်းပညာပိုင်းကို ပိုပြီး မှီခိုလာတဲ့ ဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်လာတဲ့တိုင်း ကိစ္စတိုင်းကိုတော့ နည်းပညာ အားကိုးလို့ မရပါဘူး။ လုပ်ငန်းပိုင်း မဟာဗျူဟာ ဖော်ဆောင်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ အသိပေး မျှဝေရတဲ့ ကဏ္ဍမျိုးမှာ Middle Managerတွေရဲ့ ကျွမ်းကျင်မှုနဲ့ ကိုင်တွယ်ပုံက သိပ်အရေးကြီးပါတယ်။ ဝန်ထမ်းတွေနဲ့ ဆက်ဆံမှုကို အခြေတည်ပြီး သိသင့်တာကို ပြောပြ၊ လိုအပ်တာကို ညွှန်ကြား စတဲ့ လုပ်ငန်းစဉ်တွေကို ကွင်းဆင်း ဆောင်ရွက်ရတာမျိုး ဖြစ်ပါတယ်။

အသေးစိတ်ခြင်း
Middle Managerတွေကို ရာထူးနိမ့်တဲ့ အမှုဆောင် အဆင့်မျိုး ဘယ်တော့မှ ရှုမြင်ဖို့ မသင့်ပါဘူး။ အမှုဆောင် အဆင့်မှာ ကျယ်ပြန့်တဲ့ ဖြန့်ကျက် တွေးတောမှုမျိုးကို ပိုအားပြုလေ့ ရှိပေမယ့် လုပ်ငန်းသဘောအရ အလယ်အလတ်အဆင့် အရာရှိပိုင်းမှာတော့ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းပိုင်းကို အသေးစိတ် အာရုံစိုက်ဖို့က ပိုအဓိက ကျပါတယ်။ Middle Managerတွေဟာ နာမည်နဲ့ လိုက်ဖက်အောင် အလယ်အလတ် နေရာကနေ ထိန်းညှိ ကိုင်တွယ်ဖို့ အားပြု လုပ်ဆောင်ရပါတယ်။ ဒီအတွက် ကိုယ်ပိုင် တာဝန်ခံမှု နယ်ပယ်မှာ အသေးစိတ် နားလည် တတ်ကျွမ်းခြင်းက သိပ်အရေးကြီးပါတယ်။

ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း
လုပ်ငန်းတိုင်းလိုလိုမှာ အမှုဆောင်ပိုင်း အရာရှိကြီးတွေနဲ့ အောက်ခြေ ဝန်ထမ်းပိုင်းမှာ နီးနီးစပ်စပ် ရင်းရင်းနှီးနှီး ဆက်ဆံရေးမျိုးက မရှိသလောက် ရှားပါတယ်။ ပတ်ဝန်းကျင် အခြေအနေ၊ လုပ်ငန်းတာဝန် အစရှိတာတွေအပြင် ကဏ္ဍ အမျိုးမျိုးကြောင့် ဒီလို ခပ်တန်းတန်း ဖြစ်နေတတ်တာပါ။ ဒါပေမဲ့ Middle Managerတွေကတော့ ဒီအပိုင်းမှာ သိသာတဲ့ ခြားနားမှု ရှိပါတယ်။ ဝန်ထမ်း အများစုနဲ့ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေးကို မြန်မြန်ဆန်ဆန် ထူထောင်နိုင်စွမ်း ရှိသလို အမှုဆောင်တွေနဲ့ မကြာခဏ ထိတွေ့ ပြောဆိုမှုလည်း ရှိတတ်ပါတယ်။ ဒါမှလည်း အထက်နဲ့အောက် ပေါင်းကူးပေးတဲ့ ကြားခံလူတွေ အနေနဲ့ သူတို့ရဲ့ ဆောင်ရွက်နိုင်စွမ်းက ပိုပြီး ထိရောက် အောင်မြင်လာမှာပါ။

ပြဿနာများကို ဖြေရှင်းခြင်း
ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့ စကားအတိုင်းပါပဲ။ အလုပ်ခွင်မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်အခန့်မသင့်မှုတွေ၊ သဘောထား ကွဲလွဲမှုတွေကို အခြေပြုပြီး ပြဿနာတွေ ဖြစ်လာတဲ့အခါ အောက်ခြေ အဆင့်မှာတင် ညှိနှိုင်း ဖြေရှင်းပေးတာမျိုးကလည်း အရည်အချင်း ပြည့်ဝတဲ့ Middle Managerတွေရဲ့ အရည်အသွေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ အခြေအနေ တစ်ခုကြောင့် တင်းမာခဲ့တဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ကို ပြန်တည်ဆောက်၊ ပြန်ပုံဖော်၊ ပြန်ဖြေလျှော့ နိုင်တာမျိုးက Middle Managerကောင်းတွေမှာ သေချာပေါက် တွေ့မြင်ရမယ့် ဝိသေသ တစ်ရပ် ဖြစ်ပါတယ်။