HRဌာနရဲ့ အခြေခံ လုပ်ငန်းစဉ် ခြောက်ရပ်==========Credit: www.myanmarjoblink.com

HRဌာနရဲ့ အခြေခံ လုပ်ငန်းစဉ် ခြောက်ရပ်==========Credit: www.myanmarjoblink.com

စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝနဲ့ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နေတဲ့ HRဌာန တစ်ခုဟာ ကိုယ်စားပြု ကုမ္ပဏီ အဖွဲ့အစည်းရဲ့ ကဏ္ဍအလိုက် အရေးအပါဆုံး လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးနိုင်ပါတယ်။ HRတွေဟာ ကုမ္ပဏီရဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ်တွေကို စီမံခန့်ခွဲနေတာပါ။ အဲဒီ အရင်းအမြစ်တွေကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို ဆိုလိုပါတယ်။ HRတွေ တာဝန်ယူရတဲ့ သတ်မှတ်ချက်တွေ၊ နယ်ပယ်တွေ ကွဲကွဲပြားပြား ရှိနေတတ်ပါတယ်။ လုပ်ငန်းငယ်တွေမှာဆိုရင် HRဌာန တိတိကျကျ မထားတာမျိုး တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းရေးရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ထိရောက်အားကောင်းတဲ့ လုပ်အားရင်းမြစ်ကို ရွေးချယ် စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ HRဌာန တစ်ခုဟာ အခြေခံ လုပ်ငန်းစဉ် ခြောက်ခုကို စီမံကြီးကြပ်ဖို့ တာဝန်ယူလေ့ ရှိပါတယ်။

ဝန်ထမ်းခန့်အပ်ခြင်း
ဝန်ထမ်းခန့်အပ်မှု တာဝန်ယူသူတွေနဲ့ ဝန်ထမ်းရေးရာ ကျွမ်းကျင်သူတွေရဲ့ လုပ်ငန်း အောင်မြင်မှုကို ယေဘုယျအားဖြင့် သူတို့ ဖြည့်ဆည်း ခန့်အပ်ခဲ့တဲ့ အလုပ်နေရာ အရေအတွက်ရယ်၊ အချိန်ယူမှုရယ်ကို နှိုင်းယှဉ် တွက်ချက်လေ့ ရှိပါတယ်။ ဝန်ထမ်းခန့်အပ်ဖို့ တာဝန်ယူတဲ့ HR ဝန်ထမ်းတွေဟာ ရုံးထိုင်အနေနဲ့ပဲ အလုပ်လုပ်ပြီး ခန့်အပ်လိုက်တဲ့ လုပ်သားရင်းမြစ်ရဲ့ ဖွံ့ဖြိုးရေးအတွက်လည်း အရေးပါတဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ရပါတယ်။ အဲဒီHRတွေက လစ်လပ်နေတဲ့ အလုပ်နေရာတွေ ကြေညာတာ၊ အလုပ်လျှောက်လွှာတွေ စိစစ်တာ၊ ကနဦးအဆင့် အင်တာဗျူးတွေ ခေါ်ယူတာ၊ HR မန်နေဂျာတွေ နောက်ဆုံးအဆင့် အင်တာဗျူးနိုင်ဖို့ သင့်တော်တဲ့ ဝန်ထမ်းလောင်း စာရင်းကို ရွေးချယ်ပေးတာမျိုးတွေ တာဝန်ယူကြပါတယ်။

အလုပ်ခွင်လုံခြုံရေး
လုပ်ငန်းနယ်ပယ်တစ်ခုရဲ့ လုံခြုံရေးဟာ အရေးကြီးတဲ့ ညွှန်ကိန်းတစ်ရပ် ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်၊ အလုပ်အကိုင်ဆိုင်ရာ လုံခြုံရေးနဲ့ ကျန်းမာရေး အက်ဥပဒေအရ အလုပ်ရှင်ဟာ ဝန်ထမ်းတွေအတွက် ဘေးရန်ကင်းရှင်းတဲ့ အလုပ်နေရာတစ်ခု ထောက်ပံ့ပေးဖို့ တာဝန်ယူရပါတယ်။ မတော်တဆ ထိခိုက်မှု ရှိနိုင်တဲ့ လုပ်ငန်းခွင်မျိုးဆိုရင် ဒဏ်ရာရမှု၊ သေဆုံးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် လုံခြုံရေး သတ်မှတ် စံနှုန်းတွေအတိုင်း ဝန်ထမ်းတွေ သိရှိ နားလည်ဖို့ လေ့ကျင့် သင်တန်းပေးမှုတွေကို HRဌာနက ပံ့ပိုးပေးရပါတယ်။ ဒါ့အပြင် HRဌာနရဲ့ လုံခြုံရေးကဏ္ဍ ကြီးကြပ်တဲ့ ဝန်ထမ်းတွေကလည်း ဝန်ထမ်းရေးရာ ကောင်းကျိုးပြု အစီအမံတွေကို သတ်မှတ်ကိုင်တွယ်တဲ့ HRဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းခွင် နစ်နာကြေးဆိုင်ရာ ကိစ္စရပ်တွေကို အမြဲလိုလို ညှိနှိုင်းနေလေ့ ရှိပါတယ်။

ဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံခြင်း
လုပ်ငန်းပိုင်ရှင်၊ ဒါမှမဟုတ် ထိပ်ပိုင်းအရာရှိတွေနဲ့ အောက်ခြေ ဝန်ထမ်းတွေကြား တိုက်ရိုက်ဆက်ဆံမှု နည်းပါးတဲ့ အလုပ်ခွင်မျိုးဆိုရင် HRဌာနရဲ့ အထူးပြု တာဝန်ရှိသူ တစ်ဦးဖြစ်စေ၊ ဒါမှမဟုတ် ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံမှုကို အဓိက တာဝန်ယူ ကိုင်တွယ်တဲ့ ဌာနခွဲတစ်ခုဖြစ်စေ ထားရှိခြင်းက လုပ်ငန်းလည်ပတ်မှုကို ပိုပြီး ထိရောက် အကျိုးရှိစေပါတယ်။ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြား ဆက်ဆံရေးကို ခိုင်မာ အားကောင်းစေဖို့အတွက် HRတွေက သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ လုပ်ငန်းခွင်အပေါ် ကျေနပ်အားရမှု၊ ဝန်ထမ်းတွေနဲ့ ထိတွေ့ညှိနှိုင်းမှု၊ အလုပ်ခွင် ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းမှု တာဝန်တွေကိုလည်း ယူရမှာ ဖြစ်တာကြောင့် HR တာဝန်ရှိသူတွေဟာ ဝန်ထမ်းအင်အားစုနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ ဆက်ဆံရတဲ့ လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအပေါ် စီမံခန့်ခွဲနိုင်မှု ပိုတိုးတက်စေဖို့၊ အငြင်းပွားမှုတွေ ရှိလာရင် ကနဦးအဆင့် ညှိနှိုင်းမှုတွေနဲ့တင် ပြီးပြတ်တဲ့ သဘောတူညီမှုမျိုး ရရှိစေဖို့၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေမှာ ပါရှိတဲ့ အချက်အလက်တွေကို စေ့စေ့စပ်စပ် နားလည်အောင် တာဝန်ယူ စစ်ဆေးမှုမျိုးတွေကိုလည်း ဆောင်ရွက်ရပါတယ်။

ဆုကြေး၊ နစ်နာကြေး စီမံခန့်ခွဲမှုများ
ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အပိုင်းလိုပါပဲ။ သာရေး၊ နာရေးနဲ့ ပတ်သက်တဲ့ ငွေကြေးကဏ္ဍကို ကိုင်တွယ်ရတဲ့ လုပ်ငန်းစဉ်မျိုးကို HR ဝန်ထမ်း တစ်ဦးဖြစ်စေ၊ ဒါမှမဟုတ် နှစ်ဦးလောက် ပါဝင်တဲ့ အစုအဖွဲ့ကဖြစ်စေ တာဝန်ယူရပါတယ်။ နစ်နာကြေး ပေးချေမှု အပိုင်းမှာဆိုရင် နစ်နာကြေး ပေးချေမှုကို ဘယ်လိုဘယ်ပုံ ဆောင်ရွက်မယ်ဆိုတဲ့ အခြေခံ သတ်မှတ်ချက်တွေ၊ တန်ဖိုးချိန်ညှိမှုတွေကို လုပ်ဆောင်ရတယ်။ ဆုကြေးနဲ့ တခြားကောင်းကျိုးခံစားခွင့်တွေကို တာဝန်ယူရတဲ့ HRဝန်ထမ်းကတော့ အာမခံလုပ်ငန်းတွေ၊ အငြိမ်းစားရန်ပုံငွေ စုဆောင်းမှု ဌာနစတာတွေနဲ့ပါ ချိတ်ဆက်ထားရပါတယ်။ ပုံမှန်အားဖြင့် ဆုကြေး၊ နစ်နာကြေး စီမံခန့်ခွဲမှုတွေဟာ HRတွေရဲ့ လုပ်ငန်း အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေမယ့် တချို့အလုပ်ရှင်တွေက ပြင်ပ ကုမ္ပဏီတွေကို ကိုင်တွယ်ပေးဖို့ လွှဲအပ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။

ဥပဒေရေးရာ နှံ့စပ်ခြင်း
အလုပ်ခွင်ဆိုင်ရာ ဥပဒေတွေ၊ လုပ်သားဥပဒေတွေကို နှံ့စပ်ကျွမ်းကျင်ပြီး ဥပဒေ သတ်မှတ်ချက်တွေနဲ့အညီ တိတိကျကျ ဆောင်ရွက်ခြင်းဟာ HRတွေရဲ့ လုပ်ငန်းလည်ပတ်မှုအတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ လုပ်သားတွေအပေါ် မမျှမတ ဆက်ဆံမှု၊ လုပ်ငန်းခွင် မလုံခြုံမှု၊ ဒါမှမဟုတ် တခြားမကျေနပ်စရာ အကြောင်းရင်း တစ်ခုခုနဲ့ ပတ်သက်ပြီး အလုပ်ခွင်မှာ အရေးဆိုမှုတွေ ဖြစ်ပေါ်လာရင် လုပ်ငန်းရဲ့ ထုတ်လုပ်မှု စွမ်းရည်ကိုပါ ကြီးကြီးမားမား ထိခိုက် သက်ရောက်သွားစေနိုင်ပါတယ်။ အဲဒီလို အခြေအနေတွေ ကြုံလာပြီဆိုရင် HR ဝန်ထမ်းတွေဟာ အပြည်ပြည်ဆိုင်ရာနဲ့ အစိုးရ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့ သိပ်အရေးကြီးပါတယ်။

သင်တန်းပို့ချခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း
အလုပ်ရှင်တွေက ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်ချောမွေ့စေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေကို ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို တန်ဆာပလာတွေ ဆိုတာက ရုပ်ဝတ္ထု ပစ္စည်းတွေကိုချည်း ဆိုလိုတာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ အရည်အသွေးပိုင်းကို ပိုမိုမြင့်တက်လာစေမယ့် နည်းလမ်းတွေ ရှာဖွေပေးနေဖို့လည်း အပါအဝင် ဖြစ်ပါတယ်။ HRဌာန အတော်များများဟာ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းပို့ချမှုတွေ၊ ပရော်ဖက်ရှင်နယ်အလိုက် အရည်အသွေး မြှင့်တင်မှု မွမ်းမံသင်တန်းတွေ စီစဉ်ပေးတတ်ကြပါတယ်။ အလုပ်လုပ်ရင်း ဘွဲ့ယူဖို့ ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို သူတို့ ရည်မှန်းချက် အောင်မြင်အောင် တွန်းအားပေး ပံ့ပိုးမှုမျိုးတွေကလည်း ဒီလုပ်ငန်းစဉ်မှာ ဆက်စပ် ပါဝင်နေပါတယ်။ တစ်ဦးချင်း မွမ်းမံဖြည့်တင်းမှုတွေနဲ့ တခြား သင့်တော်တဲ့ အစီအစဉ်တွေ ရေးဆွဲပေးခြင်းကလည်း HRဌာနရဲ့ သင်တန်းပို့ချမှုနဲ့ အရည်အသွေး မြှင့်တင်မှု ကဏ္ဍမှာ အကျုံးဝင်ပါတယ်။

Credit: www.myanmarjoblink.com