ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ သတိမူသင့်တဲ့ ကိစ္စရပ် ၄ ခု

ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ သတိမူသင့်တဲ့ ကိစ္စရပ် ၄ ခု

ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်တဲ့အခါ လုပ်ငန်းရဲ့ အရှိန်အဟုန် တိုးတက်မှုကလည်း ပိုကောင်းပါလိမ့်မယ်။ ဒါက ပုံသေနည်းပါပဲ။ ပြီးတော့ ဝန်ထမ်း အဝင်အထွက် ကိစ္စတွေက ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကိုလည်း အထိုက်အလျောက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိဝန်ထမ်းကို ပေးချေဖို့ ငြင်းပယ်တဲ့ လုပ်ခငွေကြေးတွေဟာ ဝန်ထမ်းသစ် ခန့်အပ်မှု လုပ်ငန်းစဉ်ထဲမှာ ကုန်ကျစရိတ် ဖြစ်လာတတ်တာကိုလည်း သတိပြုသင့်ပါတယ်။

လုပ်ငန်းနယ်ပယ် တစ်ခုမှာ ဝန်ထမ်းတွေ အဝင်အထွက် ရှိနေတာဟာ မဆုံးနိုင်တဲ့ စက်ဝန်းတစ်ခု ဖြစ်ပါတယ်။ သေချာတာက ထူးချွန်တဲ့၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ထွက်ခွာသွားပြီ ဆိုရင် ကုမ္ပဏီအတွက် အနုတ်လက္ခဏာ သက်ရောက်မှုတွေ ရှိလာမယ် ဆိုတာပါ။ ဝန်ထမ်းကောင်းတွေ ဆုံးရှုံးမှုကို လျှော့ချဖို့ဆိုရင် ထိုက်သင့်တဲ့ ငွေကြေး သုံးစွဲမှုတွေအတွက် မဟာဗျူဟာတစ်ရပ် သတ်သတ်မှတ်မှတ် ထားရှိသင့်တယ်လို့ အလုပ်အကိုင် နေရာ ၅၀၀၀ ကျော်နဲ့ ပတ်သက်လို့ ဆန်းစစ် လေ့လာထားတဲ့ Glassdoorရဲ့ စီးပွားရေး သုတေသန အစီရင်ခံစာက ဖော်ပြထားပါတယ်။

Glassdoorက ငွေကြေးကုန်ကျမှုကို လျှော့ချဖို့အတွက် ထိုက်တန်တဲ့ ငွေကြေးသုံးစွဲမှု ရှိသင့်တယ်လို့ ဆိုတယ်။ ကုမ္ပဏီရဲ့ အသုံးစရိတ်ကို ပညာသားပါပါ သတ်မှတ်ထားခြင်းက ဝန်ထမ်းကောင်းတွေ ယိုစီးဆုံးရှုံးမှုကို တားဆီးနိုင်တဲ့ နည်းလမ်းကောင်းလို့လည်း အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။ ပြီးတော့ ဝန်ထမ်းကောင်းတွေကို ကုမ္ပဏီမှာ မြဲမြံနေစေဖို့ အောက်ပါ အချက်လေးခုကိုလည်း သတိမူသင့်ကြောင်း အကြံပေးထားပါတယ်။

တိုးတက်မှုအတွက် နေရာဖန်တီးပေးခြင်း
ရည်မှန်းချက် ကြီးမားတဲ့ ဝန်ထမ်းတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို မျှော်ကြည့်ကြပါလိမ့်မယ်။ Glassdoorရဲ့ သုတေသန ရလဒ်တွေအရ ကုမ္ပဏီတစ်ခုမှာ ရာထူးတာဝန် အသစ်တစ်ခု ပြောင်းလဲ ထမ်းဆောင်ဖို့ထက် တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ ဝန်ထမ်းတွေဘက်က ရွေးချယ်နိုင်ခြေဟာ သုံးဆ ပိုများတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို တားဆီးဖို့ဆိုရင် ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရဲ့ ကုမ္ပဏီမှာ ဆက်အလုပ်လုပ်ရင်း တိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေတယ် ဆိုတာကို သေသေချာချာ သဘောပေါက်အောင် မီးမောင်းထိုးပြထားရပါမယ်။ ပြီးတော့ ကုမ္ပဏီဘက်ကလည်း ဝန်ထမ်းတွေရဲ့ ရာထူးနေရာနဲ့ အရည်အသွေး တိုးတက်မှုတွေကို အမှန်တကယ် လမ်းဖွင့်ပေးထားနိုင်ရပါမယ်။

လေ့ကျင့်ပေးခြင်း၊ မွမ်းမံသင်တန်းပေးခြင်း
သုတေသီတွေရဲ့ အဆိုအရ ဝန်ထမ်းတစ်ယောက်ဟာ လက်ရှိ အလုပ်လုပ်နေတဲ့ နေရာမှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်က မြင့်တက်မလာဘဲ အဆုံးသတ်သွားပြီဆိုတဲ့ အတွေးမျိုး ဝင်လာပြီဆိုရင် ပျမ်းမျှ ၁၀ လကနေ ၁၅ လအတွင်း အလုပ်အသစ် ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့ ပထမဆုံး ကုမ္ပဏီလုပ်သက် တစ်နှစ်ကျော်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ဆက်ပြီး မြင့်တက်နေဖို့က အရမ်းအရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေ၊ ဝါရင့်ဝန်ထမ်းတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးတာ၊ ဝန်ထမ်းတွေအတွက် မွမ်းမံသင်တန်းတွေ ပို့ချပေးတာတွေ ပံ့ပိုးပေးခြင်းအားဖြင့် သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ကုမ္ပဏီက အလေးအနက် တန်ဖိုးထား ကူညီနေကြောင်း ရှင်းရှင်းလင်းလင်း ပြဆိုနိုင်ပါလိမ့်မယ်။

ငွေကြေးရဲ့စွမ်းအား
ဝန်ထမ်းကောင်းတွေကို မကြာခဏ လုပ်ခလစာ တိုးမြှင့်ပေးခြင်းရဲ့ အကျိုးသက်ရောက်မှုကို လျှော့မတွက်ပါနဲ့လို့ Glassdoorက အကြံပြုထားပါတယ်။ လုပ်ခလစာရဲ့ ၁၀ ရာခိုင်နှုန်းကို မြှင့်တင်ပေးလိုက်ရင် ပျမ်းမျှအားဖြင့် ကုမ္ပဏီမှာ နောက်ထပ် ရာထူးအဆင့် တစ်ခု ပြောင်းလဲတဲ့ထိ ဝန်ထမ်းတွေ ဆက်မြဲနေနိုင်ခြေ ၁.၅ ရာခိုင်နှုန်းထက်မနည်း တိုးလာကြောင်း သုတေသန စစ်တမ်းတွေက ညွှန်ပြနေပါတယ်။ Glassdoorရဲ့ အဆိုအရ အလုပ်ပြောင်းတဲ့ ဝန်ထမ်းတွေရဲ့ ၃၇ ရာခိုင်နှုန်းက လုပ်ခလစာ နည်းလွန်းတယ် ထင်တာကြောင့်လို့ သဘောထား ပေးခဲ့ကြောင်း သိရပါတယ်။ ၆၀ ရာခိုင်နှုန်းကျော်ကလည်း ပိုပြီး လစာများတဲ့ အလုပ်သစ် တစ်ခုကြောင့် ရှိရင်းစွဲ အလုပ်ကို စွန့်ခွာကြတာလို့ ဝန်ခံကြပါတယ်။

ကုမ္ပဏီအနေအထားကို မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံခြင်း
ယေဘုယျ အဆင့်လောက် ခြုံကြည့်ရင်တောင် ဝန်ထမ်းအများစုဟာ ပတ်ဝန်းကျင် အနေအထား ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းနယ်ပယ်သစ်ကို ပြောင်းရွှေ့ လုပ်ကိုင်ဖို့ လိုလားကြမှန်း သိသာပါတယ်။ အလုပ်ခွင်ရဲ့ အနေအထားနဲ့ အရှိန်အဝါဟာ ဝန်ထမ်းကောင်းတွေကို ဆွဲဆောင်နိုင်တဲ့ အခြေခံ စံသတ်မှတ်ချက်တွေ ဖြစ်လိမ့်မယ်လို့ Glassdoorက ပြောပါတယ်။ တကယ်လို့ ကိုယ့်ကုမ္ပဏီရဲ့ လုပ်ငန်းခွင် အနေအထားကို ပိုပြီးမြင့်မား ကောင်းမွန်စေဖို့ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင် ဝန်ထမ်းကောင်းတွေရဲ့ အာရုံကို အလိုလို ဆွဲဆောင်ပြီးသား ဖြစ်နေမယ့် သဘောပါပဲ။

Credit: www.myanmarjoblink.com