HRဌာနကို ဝန်ထမ်းတွေ မုန်းတီးသွားနိုင်တဲ့ အကြောင်းရင်း ၅ ခု

HRဌာနကို ဝန်ထမ်းတွေ မုန်းတီးသွားနိုင်တဲ့ အကြောင်းရင်း ၅ ခု

HRဌာနဟာ လုပ်ငန်းအဖွဲ့အစည်း တစ်ခုရဲ့ လည်ပတ်မှုအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အသက်သွေးကြောလို အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့သော အခြေအနေတွေကြောင့် HRဌာနဟာ လူမုန်းခံရတတ်ပါတယ်။ အထူးသဖြင့် ရုံးနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ အမြင်မကြည်မှုကို ခံရတတ်ပါတယ်။ HRဌာန လူမုန်းခံရပြီဆိုရင် အဓိကအားဖြင့် အခြေခံကျတဲ့ အကြောင်းရင်း ၅ ခု ရှိတတ်ပါတယ်။

HRဝန်ထမ်းတွေ လုပ်ငန်းမကျွမ်းကျင်တဲ့အခါ
လေ့ကျင့်မှုပိုင်း အားနည်းတဲ့၊ ဒါမှမဟုတ် HR ပညာရပ်ပိုင်း သင်ယူလေ့လာထားမှု လုံးဝမရှိတဲ့ ဝန်ထမ်းတွေ HRဌာနကို ရောက်လာရင် ဒီပြဿနာမျိုး ကြုံနိုင်ပါတယ်။ အများအားဖြင့် ကုမ္ပဏီ ဝန်ထမ်းတွေက HRဌာနမှာ ရှိနေသူတွေဟာ HR ပညာရပ်ကို မကျွမ်းကျင်ဘူးလို့ တိုက်ရိုက်ကျကျ ဝေဖန်လာတတ်ကြတယ်။ စာရင်းစစ်ဌာန၊ ဒါမှမဟုတ် HRပညာရပ်နဲ့ ဆက်စပ်မှု မရှိတဲ့ တခြားဌာနတွေက ပြောင်းလာတဲ့ HR ဝန်ထမ်းတွေဟာ သူတို့ ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာကို နားမလည်ဘဲ ဖြစ်နေကြမှာပါ။

HRဝန်ထမ်းတွေက မရိုးဖြောင့်တဲ့အခါ
ရိုးသားမှုဟာ ဂုဏ်ရည်တစ်ခုပါ။ ဒါပေမဲ့ HRဌာန အတွက်တော့ မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေး တစ်ခုလို့တောင် ပြောရပါမယ်။ ကုမ္ပဏီ၊ လုပ်ငန်း၊ ဝန်ထမ်း အားလုံးရဲ့ ပြဿနာတွေကို ကိုင်တွယ်နေရတဲ့ ဌာနတစ်ခုဟာ အခြေအနေတွေကို အဟုတ်အမှန်အတိုင်း ထုတ်မပြောဘူးဆိုရင် ဝန်ထမ်းတွေက ဘယ်သူ့ကို သွားယုံရတော့မှာလဲ။ ကိုယ်ကိုင်တွယ်တဲ့ လုပ်ငန်းစဉ်တချို့ လွဲမှားသွားတာကို အရှိအတိုင်း ချမပြဘဲ ဖုံးကွယ်ဖို့ ကြိုးစားမယ်ဆိုရင် HRဌာနဟာ ထိမ်ချန်မှုတွေ ရှိတတ်တယ်၊ အပြည့်အဝ မပွင့်လင်းဘူး ဆိုတဲ့ သံသယမျိုးက ဝန်ထမ်းတွေ စိတ်ထဲ စွဲသွားပါလိမ့်မယ်။

ကုမ္ပဏီ အကျိုးစီးပွား တစ်ဖက်တည်းကိုပဲ ကြည့်တဲ့အခါ
HRဌာနရဲ့ အဓိက တာဝန်တစ်ခုက ကုမ္ပဏီ အကြီးအကဲတွေ၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေကြား ပေါင်းကူးဆက်သွယ်တဲ့ ကြားခံအဖြစ် ဆောင်ရွက်ဖို့ပါ။ အထက်လူကြီးနဲ့ လက်အောက်ငယ်သား ပြဿနာ ဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် ဝန်ထမ်းတွေက အရေးဆို ကန့်ကွက်မှုတွေ ရှိလာတဲ့အခါ HRဌာနက မန်နေဂျာနဲ့ အထက်အရာရှိဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်နေရင် ရေရှည်မှာ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားပါမယ်။ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုပြီး ကုမ္ပဏီ အကျိုးစီးပွား သက်သက်ကိုပဲ ကာကွယ်နေတယ်လို့ ယူဆထားတဲ့ ဌာနကို ဝန်ထမ်းတွေက မုန်းကြတယ်ဆိုတာ မဆန်းပါဘူး။

တရားနည်းလမ်းမကျ၊ မမျှတတဲ့အခါ
ဝန်ထမ်းတွေက သူတို့ရဲ့ ကြိုးစား အားထုတ်မှုအပေါ် HRဌာနက မျှမျှတတ အကဲဖြတ်သလား ဆိုတာမျိုး အမြဲတမ်း ဆန်းစစ်နေမှာပါ။ ယေဘုယျအားဖြင့် ဝန်ထမ်းတွေဟာ သူတို့ အလုပ်အကိုင်ကို မြဲမြံစေချင်တယ်၊ လစာတိုးချင်တယ်၊ ရာထူးမြင့်လာချင်တယ်ဆိုတဲ့ ဆန္ဒတွေ ရှိကြပါတယ်။ HRဌာနဟာ ဝန်ထမ်းတွေရဲ့ ရှုထောင့်ကို နားလည်ရပါတယ်။ ခိုင်မာတဲ့ အချက်အလက်တွေကို ကိုးကားပြီး လစာခံစားခွင့်နဲ့ ရာထူးသတ်မှတ်မှုတွေကို HRဌာနက မျှမျှတတ ဆုံးဖြတ် သတ်မှတ်ရပါတယ်။ မဟုတ်ရင်တော့ “သူကျ ငါ့လောက် အလုပ်မလုပ်ဘဲ လစာတိုးတယ်”၊ “အထက်လူကြီးနဲ့ ပေါင်းပြီး ရာထူးတက်သွားပြီ”ဆိုတဲ့ တုံ့ပြန် စောဒကတွေကို မလွဲမသွေ ကြုံရမှာပါပဲ။ လုပ်ငန်းနယ်ပယ် ကျယ်ပြန့်လွန်းတဲ့ အခြေအနေမှာတော့ ဒီအပိုင်းဟာ ကျွမ်းကျင်ပြီး အရည်အသွေး မြင့်မားတဲ့ HRတွေ အတွက်တောင် ဖိအားရှိတဲ့ ပြဿနာမျိုးပါ။

မူဝါဒပိုင်းမှာ လွန်လွန်ကျွံကျွံ စွက်ဖက်တဲ့အခါ
HRဌာနကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ဝန်ထမ်းအများစုက ကုမ္ပဏီရဲ့ ဦးဆောင်ကြီးကြပ်မှုကို ပိုမိုအားကောင်းအောင် ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းအဖြစ် လက်ခံကြပါတယ်။ ဒါပေမဲ့ အတိုင်းအတာတော့ ရှိပါတယ်။ HRဌာနဟာ ကုမ္ပဏီရဲ့ မူဝါဒပိုင်းကို လွန်လွန်ကဲကဲ ပါဝင်ယှက်နွှယ်တာကို ဝန်ထမ်းတွေက မကြိုက်ပါဘူး။ ဝန်ထမ်းတွေက HRဌာနကို ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အခြေအနေမျိုး ဖြစ်ပေါ်အောင် ညှိနှိုင်းပေးတာမျိုးပဲ အလိုရှိပါတယ်။ HRတွေက မန်နေဂျာတွေ၊ အမှုဆောင်တွေလိုမျိုး ကုမ္ပဏီ မူဝါဒပိုင်းကို ကိုင်တွယ်နေပြီဆိုရင် ဝန်ထမ်းတွေ စိတ်ထဲမှာ သူတို့ရဲ့ အခြေအနေကို HRဌာနက ပြန်မကြည့်တော့ဘူး ဆိုတာမျိုး ထင်မြင်လာတတ်ပါတယ်။

============

အောင်မြင်တဲ့ HRဌာန တစ်ခုဟာ လုပ်ငန်းပိုင်း ကျွမ်းကျင်မှု ပြည့်ဝသလို အဖွဲ့အစည်းရဲ့ အထက်ပိုင်း အရာရှိတွေနဲ့ ဝန်ထမ်းတွေကြား ဟန်ချက်ညီညီ ပေါင်းကူး ချိန်ညှိပေးပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ဌာနအသီးသီးက ဝန်ထမ်းတွေ အမြင်မှာ ယုံကြည်အားကိုးထိုက်တဲ့ ဌာနတစ်ခုအဖြစ် ရပ်တည်ပြဖို့ လိုပါတယ်။ အခြေခံ အားဖြင့်တော့ ဒီအခြေအနေမျိုးကို
ဖန်တီးနိုင်ဖို့ဆိုရင် အထက်ပါ အကြောင်းအချက် (၅)ခုကို မလွဲမသွေ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။